CDF-Matupi တပ်မဟာ(၂) မှ အသွားအလာကန့်သတ်ထားသည့် လမ်းများကို ပြန်လည်ဖွင့်ပေး
ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ဟားခါးလမ်း၊ မတူပီ-လိုင်လင်းပီလမ်း၊ မတူပီ-ပလက်ဝလမ်း များကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) မှ ပြန်လည်၍ လွတ်လပ်စွာ သွားလာခွင့်ပြုကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) နှင့် တပ်မဟာ (၁) ကြား အချင်းချင်း ပွတ်တိုက်မှုများကြောင့် အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထားသည့်အတွက် ဒေသခံပြည်သူများသည် မြို့နယ်အတွင်း သွားလာမှုခက်ခဲခြင်း၊ ရပ်ရွာတွင်းနေထိုင်ရ အဆင်မပြေမှုများ ကြုံတွေ့ရပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တပ်မဟာ (၂) မှ ပြန်လည်၍ သွားလာခွင့်ပြုကြောင်း CDF – Matupi တပ်မဟာ (၂) Camp Bungtla တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် သတင်းထုတ်ပြန်ထားသည်ကို သိရသည်။
CDF – Matupi တပ်မဟာ (၂) အနေဖြင့် ချင်းလူမျိုးအချင်းချင်းကြား ဖြစ်ပွားနေသည့် ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းခြင်းဖြင့်သာ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တပ်မဟာ (၂) ထိန်းချုပ်နယ်မြေများတွင် နေထိုင်ကြသည့် ကျေးရွာရှိ ဒေသခံပြည်သူများကို တပ်မဟာ (၁) မှ လက်နက်ဖြင့် ဝင်ရောက်ချိန်းခြောက်ခြင်း၊ တပ်မဟာ (၂) ရှေ့တန်းစခန်း နေရာများတွင် ကြိုတင်အကြောင်းထားကြားခြင်းမရှိပဲ ဝင်ရောက်စီးနင်းရန် ရည်ရွယ်ခြင်း စသည့်လုပ်ရပ်များကို ရှောင်ရှားပေးရန် တောင်းဆိုထားသည်ကို သိရသည်။
သတင်း – James Roe