ပလက်ဝမြို့နယ် ရှင်းလက်ဝဒေသရှိ ဒေသခံများကို တစ်အိမ်တစ်ယောက်ကျ စစ်မှုထမ်းရန် အေအေတပ်ဖွဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်
ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်း ရှင်းလက်ဝဒေသ ဇုံနယ်တွင် ဒေသခံပြည်သူများကို တစ်အိမ်တစ်ယောက်နှုန်း စစ်မှုထမ်းရန်အတွက် အေအေတပ်ဖွဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် အမိန့်ထုတ်ပြန် ပြောကြားထားကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာတွင် အေအေတပ်ဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ၃ ရက်တာအတွင်း တစ်အိမ်တက်ဆင်း တစ်အိမ်တစ်ယောက်ကျ နာမည်စာရင်းကောက်ယူကာ နာမည်စာရင်းတွင် ပါဝင်သည့်သူများကို စစ်မှုထမ်းရန်အတွက် အမျိုးသား ၅၂ ဦးကို ခေါ်ယူခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် ပို့ဆောင်ခဲ့ကြောင်း ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရှင်းလက်ဝဒေသခံ သတင်းအရင်းအရင်းအမြစ်မှ သိရသည်။
“အေအေတွေက အိမ်ထောင်စုစာရင်းကောက်တာ ၈ ကြိမ်ရှိသွားပြီ။ ခုတော့ ပြည်သူစစ်သင်တန်းတက်ဖို့ ခေါ်ယူနေကြပြီ။ ၅၂ ယောက်ကို အရင်စာရင်းယူပြီးတော့ ပို့လိုက်ပြီလို့ကြားတယ်။ နောက်တစ်ခါဆို ရှင်းလက်ဝ တစ်နယ်လုံးပါမယ်လို့ပြောတယ်။ လမ်းတွေကလည်း ပိတ်ထားနေတုန်းပဲ။ အသွားအလာလုပ်ဖို့ မပေးကြဘူး။ သူတို့ရဲ့အုပ်ချုပ်တဲ့စနစ်က တစ်ပါတီစနစ်နဲ့ အာဏာရှင်ပုံစံ ဖြစ်နေတယ်။ အတင်းအဓမ္မကို စစ်သင်တန်းတက်ဖို့ လုပ်နေကြတာ။ ဟိုတစ်နေ့က ပလက်ဝကနေ ဒေသအုပ်ချုပ်ရေးမှူးအဖွဲ့ ၄ ဦး ရောက်ပြီးတော့ အစည်းအဝေးလုပ်ပြီးကြတဲ့နောက်မှာ အေအေတပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ဖို့ သတင်းထွက်လာတာပဲ။ ခုအချိန်မှာ ကျေးရွာတွေအားလုံးမှာရှိတဲ့ ဒေသခံတွေအားလုံး စိုးရိမ်ပူပန်ပြီး တုန်လှုပ်နေကြတယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး…” ဟု ဒေသခံတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ရှင်းလက်ဝဒေသ တစ်ခုလုံးတွင်ရှိသည့် ဒေသခံပြည်သူများကို အေအေတပ်ဖွဲ့ထံတွင် ဝင်ရောက်လိုသူများသည် စာရင်းပေးသွင်းရမည်ဖြစ်ပြီး စစ်သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားမှု မရှိသော်လည်း တစ်အိမ်တစ်ယောက်ကျ လူမျိုး၊ ဘာသာမရွေး ပြည်သူ့စစ်သင်တန်း မတက်မနေရ တက်ရောက်ရမည်ဖြစ်ကာ ငြင်းဆန်ပါက ထိပ်တုန်းခတ် အပြစ်ပေးခံရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အေအေတပ်ဖွဲ့ထံတွင် စစ်မှုထမ်းရန်ခေါ်ယူခံရသူများသည် အသက်အရွယ်အားဖြင့် အမျိုးသားများသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား၊ အမျိုးသမီးများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား သတ်မှတ်ထားပြီး အမိန့်စာဖြင့် ထုတ်ပြန်ထားခြင်း မရှိသော်လည်း အစည်းအဝေးတွင် ဒေသအုပ်ချုပ်ရေးမှူးမှ အမိန့်ထုတ်ပြန် ပြောဆိုသွားခဲ့ကြောင်း ရှင်းလက်ဝဒေသခံများထံမှ သိရသည်။
သတင်း – Jame Roe