ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာကို စစ်ကောင်စီတပ်မှ ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာအား အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံ၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်တချို့ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းကျေးရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကြဲချခဲ့ပြီးသည့် တိုက်နယ်ဆေးရုံကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးအများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးမြို့နယ်တောင်ပိုင်း နွားရွာကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ခြမ်းပျက်စီးကာ အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။
ကလေးမြို့တောင်ပိုင်းက ကမ်းပါနီစစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ကလေးတောင်ပိုင်းရှိ ကျေးရွာများ၊ ဆေးရုံ၊ဆေးခန်းများအား နေ့စဥ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ယနေ့ချိန်အထိ ကလေးမြို့နယ်တောင်ပိုင်းတွင်ရှိသည့် ကျော်ရွာ၊ သံဖို၊ နတ်ချောင်း၊ တင်သား၊ ဟားခါးလေး၊ အောင်မင်္ဂလာ ၊ ရှားဖို၊ ဆည်တော၊ မှန်တောနှင့် ဒိုးနွယ်ကျေးရွာများကို လေကြောင်းဖြင့် နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူ သောင်းချီတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်မှ သိရသည်။
သတင်း – James Roe