ငဖဲမြို့နယ်ရှိ အရှိုချင်းလူမျိုးများ စစ်ရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း လမ်းမပေါ်တွင်ရှိသည့် လင်းတဲကျေးရွာတွင် ဒေသခံအရှိုချင်း စစ်ရှောင်ပြည်သူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အမ်း – ပဒါန်း လမ်းမပေါ်တွင်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် အေအေနှင့် တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များသည် လင်းတဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများသည် ဘုန်းကြီးကျောင်းထဲတွင် ဝင်ရောက်ခိုလှုံနေထိုင်နေချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရှိုချင်းအမျိုးသား ၂ ဦးသေဆုံးပြီး အသက်အန္တရယ်စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရသူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လင်းတဲကျေးရွာသည် စစ်ကောင်စီတပ်၏ နတ်ရေကန်ဗျူဟာကုန်း အောက်တွင်ရှိသည့် ရွာဖြစ်ကာ အနီးအနားဝန်းကျင်တွင် နတ်ရေကန်ဗျူဟာကုန်း၏ ကာကင်းစခန်းများ များစွာရှိပြီး ထိုစခန်းများကို အေအေနှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ယနေ့အထိ တိုက်ပွဲပြင်းထန်နေကာ နတ်ရေကန်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခက်ခြင်းများပြုလုပ်ခြင်းနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်နေကြသည်ကို စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
အမ်း – ပဒါန်း ကားလမ်းမပေါ်တွင်ရှိသည့် လင်းတဲကျေးရွာသည် အရှိုချင်းလူမျိုးများ နေထိုင်ကြသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
သတင်း – James Roe