အိမ်ထောင်သည် ချင်းအမျိုးသမီးတစ်ဦး အေအေတပ်သားနှင့်ရသည့် ကိုယ်ဝန်လွယ်ထားရ
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပေါင်းမိုကျေးရွာရှိ အိမ်ထောင်သည် ချင်းအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်လုံးဆွေ(၂၇ နှစ်ခန့်) သည် အေအေတပ်ဖွဲ့ဝင်တစ်ဦးနှင့်ရထားသည့် ကိုယ်ဝန်လွယ်ထားရကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။
ပေါင်းမိုကျေးရွာရှိ အိမ်ထောင်သည် ချင်းအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်လုံးဆွေသည် ကလေးနှစ်ဦးမိခင်ဖြစ်ပြီး အမျိုးသားဖြစ်သူမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ် သင်္ကြန်အတွင်းမှာ အေအေတပ်သားနဲ့ ငြိစွန်းကြတာလို့ ရွာသားတွေက ပြောကြတယ်။ အခုတော့ ရှင်းလက်ဝဆေးရုံမှာ ကလေးမွေးဖို့ ရောက်နေတယ်။ သူ့အမျိုးသားက မလေးရှားမှာ အလုပ်သွား လုပ်နေတာ ကြာပြီ။ ဒီလို လူမှုရေးအရှုပ်အရှင်းတွေကို ဘယ်လိုဖြေရှင်းကြမလဲ မပြေတတ်တော့ဘူး…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်အတွင်းမှ ဒေသခံများသည် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူများထဲတွင် အိမ်ထောင်ရှင် အမျိုးသားများလည်း များစွာရှိကြပြီး ယခုလို အဖြစ်အပျက်များသည် ပလက်ဝမြို့နယ် အတွင်းတွင် များစွာရှိနေနိုင်သော်လည်း အင်တာနက်၊ ဖုန်းလိုင်းမရရှိသည့်အတွက် လူအများသိရှိမှု အားနည်းခဲ့ရခြင်းဖြစ်ကာ ပလက်ဝမြို့နယ်အတွင်းတွင် ဆက်လက်၍ လူမှုရေးပြဿနာများနှင့် အခွင့်အရေးချိုးဖောက်မှုများ များစွာဖော်ထုတ်ကာဖြေရှင်းရန်အတွက် လိုနေသေးကြောင်း သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ယခင်ကတည်းက အဖက်ဖက်တွင် ဖွံ့ဖြိုးတိုးတက်မှုအားနည်းကာ အလုပ်အကိုင်အခွင့်အလမ်း မရှိသည့်အပြင် စစ်ကောင်စီမှအာဏာမသိမ်းမီ ၂၀၁၅ ခုနှစ်ကတည်းကပင် ဒေသတွင်းစစ်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကိုဗစ်ရောဂါဒဏ်ကိုလည်း ခံခဲ့ရပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ ယခုလက်ရှိတွင် အေအေ၏ အုပ်ချုပ်ရေးဖော်ဆောင်လာခြင်းနှင့်အတူ ဒေသခံပြည်သူများသည် ပိုမို၍ စားဝတ်နေရေးခက်ခဲလာခြင်း၊ လူမှုစီးပွားအလုံးစုံ ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြံတွေ့နေကြရခြင်းကြောင့် ဒေသခံများသည် နိုင်ငံရပ်ခြားသို့သွားရောက်ပြီး မိသားစု၊ ညီအစ်ကိုမောင်နှမများ၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင် ရုန်းကန်နေကြရပြီး တစ်ဖက်တွင်လည်း လူမှုရေးပြဿနာများနှင့် လူ့အခွင့်အရေးချိုုးဖောက်မှုများသည် ပလက်ဝဒေသအတွင်း များစွာရှိနေကြောင်း သိရသည်။
သတင်း – ဆလိုင်းခူသေ့