ရှင်းလက်ဝရွာတွင် အေအေတပ်ဖွဲ့မှ ဒေသခံ ၅၂ ဦး အား ဖမ်းဆီး၍ စစ်သင်တန်းတက်ရန် ပို့ဆောင်ခံခဲ့ရခြင်း နောက်ဆက်တွဲသတင်း သို့မဟုတ် အသက် ၆၀ အရွယ် ရခိုင်အမျိုးသားတစ်ဦးအား အေအေတပ်ဖွဲ့မှ ထိပ်တုံးခတ် အပြစ်ပေးခြင်း ပြုလုပ်
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝရွာဒေသခံ ရခိုင်အမျိုးသားတစ်ဦးဖြစ်သည့် ဦးဒုံးချေ (အသက် ၆၀ ဝန်းကျင်) အား အေအေတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၂ အထိ သုံးရက် ထိပ်တုံးခတ်(ခြောက်ပေါက်ထဲချုပ်) ကာ ကနဦးနမူနာ အပြစ်ပေးခြင်းကို ပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရှင်းလက်ဝဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ အေအေတပ်ဖွဲ့မှ စစ်မှုထမ်းရန်အတွက် စုဆောင်းရေးလုပ်ဆောင်နေစဉ်တွင် ဦးဒုံးချေမှ တစ်ဦးတည်းသောသမီးကို စစ်သင်တန်းတက်ရန်အတွက် ထည့်ပေးရန်ဆန္ဒမရှိကြောင်းနှင့် မခေါ်ယူရန်အတွက် တောင်းပန်ပြောဆိုခဲ့သော်လည်း တပ်တော်၏အမိန့်ကိုမနာခံသည့်အတွက် အေအေတာဝန်ရှိ အရာရှိမှ သူ့အား အပြစ်ပေးသည့်အနေဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၂ အထိ သုံးရက် ထိပ်တုံးခတ်(ခြောက်ပေါက်ထဲချုပ်) ကာ ကနဦးနမူနာ အပြစ်ပေးခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလက်ဝဒေသခံများထံမှ သိရသည်။
“ရှင်းလက်ဝမှာ အေအေတွေက စစ်သင်တန်းတက်ဖို့အတွက် စုဆောင်းခံရတာ ၅၂ ယောက် အတိအကျပဲ။ အဲဒီအထဲမှာ မိန်းကလေးတွေလည်းပါတယ်။ ဖြစ်ဖြစ်ချင်းမှာတော့ မိန်းကလေးတွေပါတာ မသိရဘူး။ ခုမှမိန်းကလေးတွေပါတာ သိရတယ်။ ပြီးတော့ ခူမီးချင်းလူမျိုးတွေလည်းပါတယ်။ ထိပ်တုံးခပ်အပြစ်ပေးခံရတဲ့ ဦးလေးဆိုရင် သမီးလေးတစ်ယောက်ပဲ ရှိတာ။ ဒါကိုသိသိကြီးနဲ့ အေအေတွေက အတင်းအဓမ္မ စစ်သင်တန်းကိုပို့လိုက်တာ။ စိတ်မကောင်းစရာ ပါပဲ။ အခု ရှင်းလက်ဝဘက်မှာရှိတဲ့ ရွာတိုင်းက ခူမီးတွေရော ရခိုင်တွေရော အားလုံး ကြောက်စိတ်တွေဝင်နေပြီးတော့ စိုးရိမ်ထိတ်လန့်နေကြတယ်…” ဟု ရှင်းလက်ဝဒေသခံတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ် ရှင်းလက်ဝရွာဒေသခံ ရခိုင်အမျိုးသားတစ်ဦးဖြစ်သည့် ဦးဒုံးချေသည် တစ်ဦးတည်းသောသမီးကို စစ်သင်တန်းမတက်ရန်အတွက် တောင်းပန်၍ပြောဆိုခဲ့သော်လည်း သမီးဖြစ်သူမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်သင်တန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည့်အပြင် ရှင်းလက်ဝကျေးရွာရှိ အေအေတာဝန်ခံအရာရှိမှ သူ့အား ၃ ရက်တာ အေအေတပ်စခန်းတွင် ထိပ်တုံးခတ် အပြစ်ပေးခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလက်ရှိတွင် အေအေတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ကုလားတန်မြစ်တစ်လျှောက်တွင် စုန်ဆင်းမည့် စက်လှေများကို စုံဆင်းခွင့်လည်းမပေးပဲ ဆက်လက်၍ လမ်းပိတ်ထားပြီး ပလက်ဝဘက်မှ ဆန်တက်လာသည့် စက်လှေများသည် ရှင်းလက်ဝကျေးရွာတွင် အစီးရေ ၁၀၀ ကျော် ရှိနေကြောင်း ရှင်းလက်ဝဒေသခံ သတင်းအရင်းအမြစ်မှ သိရသည်။
Photo by Raiki Kaseaung
ပုံစာ – ရှင်းလက်ဝကျေးရွာကို ဖေဖော်ဝါရီလအတွင်းမြင်ရပုံ။
သတင်း – James Roe