ပလက်ဝမြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦးများကို အေအေတပ်ဖွဲ့မှ ရှင်းလင်းဖျက်ဆီးမှု ပြုလုပ်ခြင်းနှင့် ဌာနဆိုင်ရာရုံးများရှိပစ္စည်းများကို ရခိုင်ပြည်ဘက်သို့ ရွှေ့ပြောင်း
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် အေအေတပ်ဖွဲ့မှ ဌာနဆိုင်ရာအဆောက်အဦးများကို ရှင်းလင်းဖျက်ဆီးမှု ပြုလုပ်ခြင်းနှင့် လက်ဝပြည်သူ့ဆေးရုံမှ ပစ္စည်းများအပါအဝင် ဌာနဆိုင်ရာရုံးများရှိပစ္စည်းများကို ရခိုင်ပြည်ဘက်သို့ ရွှေ့ပြောင်းမှုများပြုလုပ်နေကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပလက်ဝဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
“ဒီရက်ပိုင်းအတွင်း ပလက်ဝမြို့ဘောလုံးကွင်းတောင်ပေါ်မှာရှိတဲ့ ဆောက်လုပ်ရေးရုံး အဆောက်အဦးတွေကို အေအေတွေက ရှင်းလင်းဖျက်ဆီးတာတွေ လုပ်နေတယ်။ ပြီးတော့ ပလက်ဝပြည်သူ့ဆေးရုံက ပစ္စည်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာရှိတဲ့ ပစ္စည်းအကောင်းတွေကို ရခိုင်ပြည်ဘက်သို့ သယ်ဆောင်သွားတာတွေ ပြုလုပ်နေကြတယ်။ ရခိုင်ပြည်ဘက်မှာ ဆေးဝါးပစ္စည်းတွေ၊ ရုံးသုံးပစ္စည်းတွေ မလောက်ငှတော့ဘူး ဖြစ်မယ်။ သူတို့ရဲ့အုပ်ချုပ်ရေး ဖော်ဆောင်နေတာတွေ ပလက်ဝမြို့နယ်မှာ လုပ်နေပေမယ့် ဒီလိုမျိုး ချင်းပြည် ပလက်ဝမြို့က ပစ္စည်းတွေကို ရခိုင်ပြည်ဘက်ကို ပို့တာကတော့ မဖြစ်သင့်ဘူးလေ။ ဒါတွေက စစ်ကောင်စီပိုင်တဲ့ပစ္စည်းမဟုတ်ဘူးလေ၊ ဘယ်အစိုးရပဲပြောင်းပြောင်း ဒါတွေက ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့အတွက် ဒီလိုလက်လွတ်စံပယ် လုပ်လို့မရဘူးလေ။ သူတို့ကပလက်ဝကိုသိမ်းတယ်ဆိုပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဒီလိုလုပ်တာတော့ တရားနည်းလမ်း မကျဘူးလို့မြင်တယ်။ စစ်ကောင်စီရဲ့လုပ်ရပ်နဲ့အတူတူပဲ။ လုပ်ချင်ရင် သူတို့ ရခိုင်ပြည်နယ်ကဟာကို ဟို့ရွှေ့ဒီရွှေ့လုပ်ပေါ့။ ခုကျတော့ သူတို့တွေက ဘယ်လိုတွေလုပ်နေတာလဲ မသိတော့ဘူး…” ဟု ပလက်ဝမြို့မှ ဒေသခံတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို အေအေတပ်ဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် လက်ရှိတွင် အုပ်ချုပ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဖော်ဆောင်နေပြီး ရှင်းလက်ဝရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်သားစုဆောင်းမှုများ ပြုလုပ်နေခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
သတင်း – James Roe