လက်နက်ခဲယမ်းများ အပ်နှံရန် CDF-Mindat တပ်ဖွဲ့မှ အမိန့်ထုတ်ပြန်
ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၂၅။
ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဒေသခံပြည်သူများကို လက်နက်ခဲယမ်းများ CDF-Mindat တပ်ဖွဲ့ထံ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံရမည်ဖြစ်ကြောင်း CDF-Mindat တပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အမိန့်ထုတ်ပြန်ထားသည်ကို သိရသည်။
မင်းတပ်မြို့နယ်တွင် CDF-Mindat တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်းတွင် လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
CDF-Mindat တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသည့် အရပ်သားပြည်သူများသည် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသော လက်နက်ခဲယမ်း၊ အခြားတစ်နည်းနည်းဖြင့် ရရှိသောလက်နက်ခဲယမ်း၊ တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ် (Assault Rifle) နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံပြီး သတ်မှတ်ထားသော ဆုကြေးနှင့်တန်ဖိုး (ဝယ်ယူကြောင်းခိုင်လုံမှုရှိပါက) ထုတ်ယူရန်နှင့် အကယ်၍ သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းများကို ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်ကို သိရသည်။
မင်းတပ်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကာ ပြည်သူများကို ဖေဖော်ဝါရီ ၁၁ ရက်ကစ၍ မြို့တွင်းသို့ပြန်လည်ဝင်ရောက်ခွင့်ပြုပြီး ယခုလက်ရှိတွင် လက်နက်ခဲယမ်းနှင့်ပတ်သတ်၍ အမိန့်ထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe
