ငဖဲမြို့နယ်တွင် CDF-Asho မှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦး ဖမ်းမိ

ငဖဲမြို့နယ်တွင် CDF-Asho မှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦး ဖမ်းမိ

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်းစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးအား လက်နက် ၂၀ လက်နှင့် ခဲယမ်းများနှင့်အတူဖမ်းဆီးထားကြောင်း Chinland Defense Force – Asho မှ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားရသည်။

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် တောင်ကုန်းကို အေအေတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက် ခိုက်နေကာ ကာကင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း နတ်ရေကန်ဆက်သွယ်ရေးတာဝါတိုင်မှ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောတွင်းနေရာအသီးသီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးထံမှ MA 1 ၁၃ လက်၊ MA 2 ၁ လက်၊ MA 3 ၃ လက်၊ MA 11 ၂ လက်၊ MA 5 ၁ လက် စုစုပေါင်း အလက် ၂၀ အပြင် လက်ပစ်မိုင်း ၁၈ လုံး ၊ EY သီး ၁၂ လုံး ၊ ကျည် ၄၀၀၀ ကျော်နှင့် အခြား စစ်အသုံးအဆောင်များလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

နတ်ရေကန်အနီးတစ်ဝိုက်တွင် တာဝန်ထမ်းဆောင်နေကြသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ပူးပေါင်းကြရန် CDF-Asho က တိုက်တွန်းထားကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *