အေအေတပ်ဖွဲ့မှ စည်းကမ်းမဲ့ အလွန်အကျွံ သစ်ခုတ်နေ

အေအေတပ်ဖွဲ့မှ စည်းကမ်းမဲ့ အလွန်အကျွံ သစ်ခုတ်နေ

မတ်လ ၅ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါနှင့် လယ်လှကျေးရွာအနီးတဝိုက်ရှိ ကျွန်းသစ်များနှင့် အခြား သစ်မာများကို ပိုင်ရှင်များ ခွင့်မပြုပဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက အေအေတပ်ဖွဲ့မှ အလွန်အကျွံ ခုတ်ယူနေကြောင်း ‌ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

အလေ့ကျပေါက်သည့် သစ်မာများကို အိမ်သုံးထင်းအဖြစ်ခုတ်ယူရောင်းချကြသည့်အပြင် ‌ဒေသခံများ ၏ ပုဂ္ဂလိကကျွန်းခင်းများမှ ကျွန်းပင်များကိုပါ မျောတိုင်အဖြစ်ခုတ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။

“အေအေတွေက သစ်တွေတအားခုတ်တယ်၊ ပြီးတော့ ထင်းစည်းလုပ်ပြီး သူတို့ရခိုင်ဘက်ကို ရောင်းတာ၊ အဆိုးဆုံးက ကျွန်တော်တို့ စိုက်ထားတဲ့ ကျွန်းပင်တွေကို ခုတ်တာပဲ၊ ဒါက ပိုင်ရှင်ရှိတယ်… စိုက်ထား တာလို့ပြောပေမယ့် မရဘူး၊ ငါတို့ ယူချင်တာယူမယ်… မင်းတို့ ဘာမှတားပိုင်ခွင့်မရှိဘူးလို့ပဲ ပြောတယ်…” ဟု လယ်လှရွာသား ကျွန်းသစ်ပိုင်ရှင်ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

နှမဒါနှင့် လယ်လှကျေးရွာတွင် အေအေတပ်ဖွဲ့များသည် ဒေသခံများစိုက်ပျိုးထားသည့် ကျွန်းပင်များ အပါအဝင် တောထဲရှိ သစ်မာများ၊ ဝါးများကို စည်းကမ်းမဲ့ ခုတ်ယူကာ စခန်းဆောက်လုပ်ရန်၊ ထင်းပြုလုပ်ရန်နှင့် ရခိုင်ပြည်နယ် ကျောက်တော်၊ စစ်တွေ ဘက်သို့ ပို့ဆောင်နေကြကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

“ကျွန်တော်ဆို ပင်ပင်ပန်းပန်းနဲ့ စိုက်ခဲ့တာ၊ အိုစာမင်းစာအတွက် ကိုယ့်သားသမီးမြေးမြစ်တွေအတွက် ရှိတာလေးနဲ့ စိုက်ခဲ့တာ။ အခုဆို ကျွန်းပင်တွေက ၅ နှစ်ကျော်ကျော်လောက်ပဲရှိသေးတယ်၊ အခုတော့ အေအေတွေက အကုန်ခုတ်ပစ်လိုက်တယ်၊ ဒီလိုလုပ်တာတော့ တရားလွန်လွန်းတယ်…”ဟု လယ်လှရွာ သားနောက်ထပ်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ဝါးများကို ရခိုင်ပြည်နယ်ဘက်က စီးပွားဖြစ် ခုတ်ယူသုံးစွဲမှုများ ရှိသော်လည်း အေအေ၏ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်လာမှုနောက်ပိုင်းတွင် ယခုကဲ့သို့ စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

သတင်း – James Roe

Photo by Raiki Kaseaung

ပုံစာ – အေအေတပ်ဖွဲ့မှ ခုတ်ယူထားသည့် ကျွန်းသစ်၊ ဝါးနှင့် ထင်းပုံကို မြင်တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *