တတိယအကြိမ်မြောက် IKACC/ PC ညီလာခံပြုလုပ်ကျင်းပ
မတ်လ ၁၀ ရက်၊ ၂၀၂၅။
ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) နှင့် ပလက်ဝကောင်စီ(PC) ၏ တတိယအကြိမ်မြောက် ညီလာခံကို ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့ မှ ၇ ရက်နေ့အထိ ပလက်ဝကောင်စီ အုပ်ချုပ်ရေးဧရိယာအတွင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ညီလာခံတွင် IKACC/PCမှ အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ တပ်မှုးများ၊ ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ကျေးရွာကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၃၀၆ ဦး တက်ရောက်ခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းများ(Charter of Paletwa Council)၊ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနှင့် စည်းမျဉ်းများ၊ ကာကွယ်ရေးမူဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ညီလာခံအတွင်း IKACC/PC၏ ၂၀၂၅-၂၆ခုနှစ် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ခြင်း၊ IKACC/PC ၏ တစ်နှစ်တာ နိုင်ငံရေးအစီရင်ခံစာတင်ပြခြင်းနှင့် ဌာနဆိုင်ရာအသီးသီး၏ တစ်နှစ်တာ လုပ်ငန်းအစီရင်ခံတင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
IKACC/PCသည် မြန်မာနိုင်ငံအတွင်း အာဏာရှင်ဟူသမျှ ပပျောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသား တန်းတူမှု ရရှိစေရေး၊ လူမျိုးနွယ်စုအကြား တန်းတူညီမျှမှု၊ တရားမျှတမှုရှိသော ချင်းပြည်တည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် ပြည်တွင်း/ပြည်ပရှိ ပလက်ဝမြို့နယ်သူ/သားများ၊ ချင်းပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ မြန်မာနိုင်ငံအတွင်းရှိ အခြားတော်လှန်ရေး အင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင် – James Roe
