ငဖဲမြို့နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ချင်းအမျိုးသား ၆ ဦး ဖမ်းဆီးခံရ

ငဖဲမြို့နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အရှိုချင်းအမျိုးသား ၆ ဦး ဖမ်းဆီးခံရ

မတ်လ ၁၉ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းရှိ ကျောက်မီးသွေးတွင်းတွင် အလုပ်လုပ်နေသည့် ငဖဲမြို့နယ်မှ အရှိုချင်းအမျိုးသား ၆ ဦးကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အမ်း – ပဒါန်းလမ်းပိုင်းရှိ ချင်း၊ ဗမာ၊ ရခိုင် လူမျိုးများ အလုပ်လုပ်ကိုင်နေကြသည့် ကျောက်မီးသွေးတွင်း တစ်ခုတွင် မတ်လ ၁၅ ရက်နေ့ ညဘက်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ ၉၉ မှ တပ်ဖွဲဝင်များ ဝင်ရောက်လာရောက်၍ ချင်းလူမျိုး ၆ ဦးကို စိစစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံချင်းလူမျိုးများထံမှ သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းလူမျိုး ၆ ဦးသည် ငဖဲမြို့နယ်အခြေပြု ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံအရှိုချင်းလူမျိုးများက ပြောသည်။

ငဖဲမြို့ နယ်၊ စပ်စီကျေးရွာနေ အရှိုချင်းအမျိုးသမီးနှစ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *