ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
မတ်လ ၂၀ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဖလမ်းမြို့ကို အလုံးစုံးသိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေပြီး အကြမ်းဖက်စစ်ကောင်စီက တစ်ရက်တည်းမှာပင် လေကြောင်းဗုံးကြဲမှု ၁၆၀ နီးပါး ပြုလုပ်လျက်ရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ဖလမ်းမြို့ ခလရ – ၂၆၈ တပ်ရင်းအနီးရှိ စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မတ်လ ဒုတိယပတ်မှစ၍ ဒုတိယဗိုလ်မှူးကြီး မင်းခန့်အောင် ဦးဆောင်သည့် ခမရ – ၃၉၁ က တပ်ကူများ ဖြည့်တင်းခဲ့ပြီး ဂျက်ဖိုက်တာအပါအဝင် Y 12 လေယာဉ်နှင့် Mi 35 စသည့် လေကြောင်းပစ်ကူ အများအပြားဖြင့် ထိုးစစ်ဆင်ကာ ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မတ်လ ၁၅ ရက်နေ့ တစ်ရက်တည်းမှာပင် လေကြောင်း ဗုံးကြဲမှု ၁၅၈ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်၍ ဖလမ်းမြို့ကို ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိနေသည့် ခလရ – ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် ထွက်ပြေးသူများ ရှိသည့်အပြင် စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခံရသူများလည်းရှိကာ မတ်လ ၁၇ ရက်နေ့တွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းအပါအဝင် တိုက်ပွဲအတွင်း အကျအဆုံးများကြောင်း သိရပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှလည်း ကျဆုံးမှုတချို့ရှိကြောင်း သိရသည်။
သတင်း – James Roe