ပလက်ဝမြို့နယ်တွင် Chin Health Organization (CHO) မှ ကလေးသူငယ်များအတွက် ကာကွယ်ဆေး ထိုးနှံပေး
မတ်လ ၂၁ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် ကလေးသူငယ်များအတွက် ရွာစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို Chin Health Organization (CHO) မှ ယခုလ မတ်လ ဒုတိယအပတ်မှစတင်၍ ပြုလုပ်ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုများရရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့နယ်တွင်ရှိသည့် ရွာပေါင်း ၆၅ ရွာကို Chin Health Organization (CHO) အဖွဲ့နှင့် ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မွေးကင်းစအရွယ်မှစ၍ ၅ နှစ် အထိ ကလေးသူငယ်များကို ပိုလီယိုကာကွယ်ဆေး(OPV-Oral Polio Vaccines)၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါကာကွယ်ဆေး (Rotavirus Vaccines)၊ ဝက်သက်ကာကွယ်ဆေး၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး (MMR – Measles, mumps and Rubella vaccines)၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဟေမိုဖီးလပ်စ် ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ (Pentavalent Vaccine) စသည့် ကာကွယ်ဆေးများကို ထိုးနှံခြင်းနှင့် တိုက်ကျွေးပေးခြင်းတို့ ပြုလုပ်ပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် ပထမဦးဆုံးအကြိမ် TT ကာကွယ်ဆေးထိုးခြင်း(TT ဆေးကို မမွေးခင် ၂ ကြိမ်ထိုးရသည်) ကို ရွာစဉ်အလိုက် ထိုးပေးကြောင်း သိရသည်။
“CHO ကနေ ကလေးတွေအတွက် ရွာတိုင်း ကာကွယ်ဆေးတွေ ထိုးပေးကြတယ်။ ရိုးရိုးနေမကောင်း ဖြစ်တာကအစ တခြားရောဂါပြင်းထန်တာတွေကိုလည်း ကြည့်ရှုပြီးတော့ ဆေးကုသပေးတယ်။ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲလည်း ပြုလုပ်ပေးတယ်။ ဒီဘက်မှာ ကျန်းမာရေးအထောက်အပံ့ မရတာကြာပြီ။ အခုလို လာရောက်ပြီးတော့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရှေ့ဆက်ပြီး ကျန်းမာရေးစောင့်ရှောက်တာတွေ၊ အထောက်အပံတွေ အများကြီးလိုအပ်နေပါသေးတယ်…” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
Chin Health Organization (CHO) သည် တစ်ခြားကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် အဟာရနှင့် လက်မောင်းအပတ် တိုင်းတာခြင်း၊ အဟာရပြတ်တောက်သည့်ကလေးများကို အဟာရအစားအစာ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်များကို သံဓါတ်အားဆေးပေးဝေခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မိုဘိုင်းရွေ့လျားဆေးခန်းများကို ဖွင့်လှစ်ကာ နှာစီး၊ ချောင်းဆိုး၊ ဖျားနာ၊ ရင်ကြပ်စသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများအားလုံးအပါအဝင် ငှက်ဖျားရောဂါကုသပေးခြင်းများကို ဆောင်ရွက်ပေးနေလျက်ရှိပြီး ရွာစဉ်အလိုက် ကျေးရွာလူထုများအား ကျန်းမာရေးအသိပညာ ဟောပြောပွဲများလည်း ပြုလုပ်ပေးခဲ့ကြသည်။
“ပြည်သူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုမှာ ပူးပေါင်းပါဝင်ပေးကြပါ။ အခုလိုကြားကာလမှာ အခက်အခဲတွေအများကြီးကြားက ဆရာ/မတွေကလည်း လာရောက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရတာ ဖြစ်ပါတယ်။ ပြည်သူတွေရော ကျေးရွာအုပ်ချုပ်ရေးမှူးတွေရော နားလည်လက်ခံပေးပြီးတော့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမားရေးနဲ့ ဒေသခံ ပြည်သူတွေအားလုံးရဲ့ ကျန်းမာရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးစေချင်ပါတယ်။ ရွာသူရွာသားတွေလည်း ဝိုင်းဝန်းကူညီပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်…” ဟု CHO အဖွဲ့အစည်း ကျန်းမာရေးတာဝန်ခံမှ ခူမီးမီဒီယာသို့ ပြောသည်။
Chin Health Organization (CHO) မှ ကာကွယ်ဆေးထိုးရန်အတွက် စုရပ်နေရာ၊ နေ့ရက်နှင့် အချိန် ကြိုတင်သတ်မှတ်ခဲ့ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်မလာနိုင်သော တချို့ကလေးသူငယ်များ၊ မိခင်များနှင့် တစ်ချို့သည် ရောက်ရှိလာပြီး ပြန်သွားသူများကိုလည်း ဝန်ထမ်းများမှ ထိုသူတို့ကို အတတ်နိုင်ဆုံး အမီလိုက်ကာ အိမ်များတွင် ကာကွယ်ဆေးများထိုးပေးခဲ့ကြပြီး ကာကွယ်ဆေးများ ထိုးကျွေးရန်ကျန်ရှိနေသေးသည့် ကျေးရွာများနှင့် ကျန်နေသေးသည့်သူများကိုလည်း ဆက်လက်၍ ထိုးပေးသွားမည်ဖြစ်ကာ ရွာ ၆၅ ရွာရှိကလေးသူငယ်များ အားလုံးနီးပါး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် ပြည့်မီစွာ ထိုးနှံနိုင်ခဲ့ကြောင်း CHO အဖွဲ့အစည်း ကျန်းမာရေးတာဝန်ခံမှ ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အထောက်အပံ့များ အာဏာမသိမ်းမီ ကာလကတည်းက လိုအပ်မှုများ၊ အားနည်းမှုများနှင့် လက်လှမ်းမမီနိုင်မှုများစွာရှိသည့် ဒေသဖြစ်ပြီး ဒေသတွင်း တိုက်ပွဲပြင်းထန်လာသည့်နောက်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများပြတ်တောက်သွားရကာ ဒေသခံပြည်သူများအတွက် အခက်အခဲများစွာကြုံတွေ့ရသည်ကို သိရသည်။
သတင်း – James Roe
Photo by Raiki Kaseaung
ပုံစာ – ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနေပုံနှင့် ကျန်မာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်နေပုံ။