ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်

ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်

မတ်လ ၂၂ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နေသည့်အတွက် ဒေသခံပြည်သူများ စားဝတ်နေရေးအခက်ခဲဖြစ်နေပြီး စိုးရိမ်ကြောင့်ကြမှုများ ဖြစ်နေကြောင်း ဒေသခံများထံမှ ယနေ့ မတ်လ ၂၀ ရက်နေ့ သတင်းပေးပို့ချက်အရ သိရသည်။

ပလက်ဝမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ပုံမှန်ဝင်‌ရောက်လာမှုမရှိခြင်းနှင့် သယ်ယူပို့ဆောင်စရိတ် ကုန်ကျမှုများသည့်အတွက်ကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာကာ ဝယ်ယူသူဒေသခံပြည်သူများအတွက် အခက်အခဲဖြစ်ရသည့်အပြင် ကျေးရွာများတွင် ဈေးရောင်းချသည့် ဈေးသည်များအတွက်လည်း အခက်အခဲဖြစ်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ကုန်ဈေးနှုန်းတွေက တစ်ခါနဲ့တစ်ခါမတူဘူး။ ကျတာမရှိပဲ တက်တာပဲရှိတယ်။ ရွာမှာဈေးရောင်းတဲ့သူတွေရော ဈေးဝယ်တဲ့သူတွေရော အကုန်လုံး အခက်အခဲဖြစ်နေကြတယ်။ ဒါတောင်မှ ကိုယ်လိုချင်တိုင်းလည်း ဝယ်လို့ရတာမဟုတ်ဘူး။ ကုန်တွေက အမြဲပြတ်လပ်နေတယ်။ ကြိုမှာထားတာတွေ လုပ်ရတယ်…” ဟု ဒေသခံ ဆိုက်ကယ်ကယ်ရီသမားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(ဆန်ကြမ်း) တအိတ်ကို ၈၀၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ်၊ စားဆီ တစ်လီတာကို ၁၂၀၀၀ ကျပ်၊ ဆား တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ဟင်းချိုမှုန့် နို့ဆီဗူးတစ်ဗူးကို ၅၀၀၀ ကျပ်၊ သကြား တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ မာမီးခေါက်ဆွဲ တစ်ထုပ်ကို ၂၅၀၀၀ ကျပ်၊ ကော်ဖီမစ် (အထုပ်သေး) တစ်ထုပ်ကို ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၂၅၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀၀ ကျပ် ပေးရပြီး ဓါတ်ဆီ တစ်လီတာကို ၈၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် အထိ ပေးရကြောင်း ဒေသခံများထံမှ သိရသည်။

“ရှေ့ဆက်ပြီးတော့လည်း ပလက်ဝမြို့နယ်မှာ အခက်အခဲတွေ ကြုံတွေ့နေရအုံးမှာပဲ။ ဘာစီးပွားရေးမှလည်း လုပ်လို့မရ၊ ဘာဝင်ငွေမှလည်းမရှိ၊ ဖုန်းလိုင်း/အင်တာနက်လိုင်းလည်းမရှိတော့ နိုင်ငံခြားကိုရောက်နေတဲ့ သားသမီးတွေဆီကလည်း ဘာအထောက်အပံ့မှမရဘူး။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကြပ်တည်းလာတယ်။ ဒီအတိုင်းဆိုရင် ဘယ်လို နေထိုင်စားသောက်ရမလဲ မသိတော့ဘူး…” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့နယ်အတွက် အခြေခံစားသောက်ကုန်များကို လက်ရှိတွင် အဓိကအားဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မကွေးတိုင်းဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး လမ်းခရီးကြန့်ကြာမှု၊ ဂိတ်ကြေးပေးဆောင်ရမှု၊ စက်သုံးဆီးဈေးမြင့်မားမှု စသည်တို့ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Photo by James Roe

ပုံစာ – ပလက်ဝမြို့နယ် ကျေးရွာတစ်ရွာမှ ဈေးဆိုင်ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *