မင်းတပ်မြို့ကို သွယ်တန်းသည့် ရေပိုက်လိုင်းများ ပျက်စီးနေမှုကို ပြန်လည်၍ပြုပြင်
မတ်လ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မင်းတပ် – မတူပီ ကားလမ်းတလျှောက်ရှိ မင်းတပ်မြို့ကိုရေသွယ်တန်းထားသည့် ရေပိုက်လိုင်း ပျက်စီးသောကြောင့် မြို့တွင်းတွင် ခေတ္တခဏ ရေပြတ်လပ်မှုရှိမည်ဖြစ်ကြောင်းနှင့် ပြန်လည်၍ ပြုပြင်မှုပြုလုပ်နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မင်းတပ် – မတူပီ ကားလမ်းတလျှောက်ရှိ ရေပိုက်လိုင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်ခြင်းကြောင့် ပျက်စီးသွားရခြင်း၊ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားရခြင်း၊ လမ်းသွားလမ်းလာတစ်ချို့က စည်းကမ်းမဲ့စွာ ရေပိုက်များကို ဓါး၊ ပုဆိန်တို့ဖြင့် ခုတ်ထစ်ကာ ဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး ပျက်စီးသွားသည့် ရေပိုက်လိုင်းများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြုပြင်ကာ အမြန်ဆုံး ရေပြန်လည်ရရှိနိုင်ရေး အတွက်ပြုပြင် ဆောင်ရွက်နေကြောင်း သိရသည်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စည်ပင်သာယာရေး နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ အများပြည်သူပိုင်ပစ္စည်းများကို အကြောင်းမဲ့(စည်းကမ်းမဲ့စွာ) ဖျက်ဆီးသူများကို တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
ပျက်စီးသွားသည့် ရေပိုက်လိုင်းများ ပြန်လည်၍ သွယ်တန်းရန်နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် အကူညီများလိုအပ်နေကာ ပြည်တွင်း၊ ပြည်ပအကူအညီများ ကြိုဆိုလက်ခံလျက်ရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
သတင်း – James Roe