ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
မတ်လ ၂၂ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ကလေးငယ် ငါးဦးအပါအဝင် ၁၁ ဦးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် MiG -29 အမျိုးအစား ဂျက်ဖိုတ်တာဖြင့် ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်တွင် ပေါင် ၅၀၀ ဗုံးသီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှမ်းခါးရွာတွင်ရှိသည့် ပြည်သူ့ကျန်းမာရေးအတွက် ဖွင့်လှစ်ထားသည့် ဆေးခန်းသို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ဆရာဝန်နှင့် ကလေးငယ် ငါးဦးအပါအဝင် ဆေးဝါးကုသမှု ခံယူလျက်ရှိသူများ စုစုပေါင်း ၁၁ ဦးသေဆုံးကာ ခြောက်ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံးပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှမ်းခါးရွာနှင့် အနီးအနားရှိကျေးရွာများရှိ ဒေသခံများသည် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
ထီးလင်းမြို့နယ် အလယ်ဘန်းကျေးရွာကိုလည်း ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယောဒေသအတွင်း အကြမ်းဖက် စစ်ကောင်စီသည် တပ်အင်အားဖြည့်ခြင်း ၊ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန်လိုအပ်သည်ဟု ယောဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများက သတိပေးထားကြောင်း သိရသည်။
သတင်း – James Roe