အမ်း-ပဒါန်း လမ်းကြားတွင်ရှိသည့် အရှိုချင်းကျေးရွာများမှ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
မတ်လ ၂၅ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ အမ်း – ပဒါန်း လမ်းတွင်ရှိသည့် အရှိုချင်းကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်သည် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်းနေရပြီး အကူအညီအထောက်အပံ့များလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အရှိုချင်းကျေးရွာများမှ စစ်ရှောင်ပြည်သူများသည် ၂၀၂၄ ခုနှစ်ကတည်းက စစ်ဘေးရှောင်နေကြရသူများ ရှိသကဲ့သို့ ယခုနှစ် ၂၀၂၅ ခုနှစ်တွင်လည်း ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပြီး ငဖဲနှင့် ပဒါန်းမြို့ အနီးအနားရှိ အရှိုချင်းကျေးရွာများဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအနီးတွင်ရှိသည့် လင်းတဲရွာအပါအဝင် မထုံ၊ ရေသာ၊ ခပေါက်တောင်၊ ဘုံပေါ၊ ကျွဲတလဲ၊ ဇဘောက် စသည့် အရှိုချင်းကျေးရွာပေါင်း ၁၃ ရွာထက်မနည်းသည် စစ်ဘေးရှောင်နေရပြီး လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အရှိချင်းကျေးရွာ နှစ်ရွာကို သတ်မှတ်နေရာတစ်ခုသို့ ပြောင်းရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
အမ်း – ပဒါန်း လမ်းကြားတွင်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အရှိုချင်းများနေထိုင်သည့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်လာကာ သားသမီးများကို တော်လှန်ရေးတပ်ဖွဲ့တွင် ပါဝင်ကြောင်း စွပ်စွဲကာ မိဘများကိုဖမ်းဆီးခြင်း၊ ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်ခြင်း စသည်တို့ မကြာခဏပြုလုပ်လာသည့်အတွက်ကြောင့် ဒေသခံများသည် တောတောင်ထဲများတွင် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူ ၃၀၀၀ ကျော်ထဲတွင် အသက် ၉၀ အရွယ် သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးငယ်များ၊ ကျောင်းနေအရွယ် ကလေးငယ်များပါဝင်ပြီး အရပ်ဖက်အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ပံ့မှုအကူအညီများ ပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီအပေးနေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့မှုပေးရန် လိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် တောတောင်များထဲတွင် ရေရှိသည့်နေရာအနီး တဲငယ်လေးများ ဆောက်လုပ်ကာ နေထိုင်နေကြရပြီး စစ်ကောင်းစီတပ်မှ လမ်းကြောင်းများကို ပိတ်ထားသည့်အတွက် စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးများဝယ်ယူရန် သွားလာရအခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
သတင်း – James Roe