ချင်းပြည်နှင့် မကွေးတိုင်း ဆက်သွယ်ထားသည့်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထား
မတ်လ ၂၆ ရက်၊ ၂၀၂၅။
ချင်းပြည်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကို အဓိက ဆက်သွယ်ထားသည့် ရှောက်ပင်အောင်မြင်ကျေးရွာ လေးလမ်းဆုံလမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အခိုင်မာ တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
ရှောက်ပင်အောင်မြင်ကျေးရွာ လေးလမ်းဆုံလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သည် စစ်ကြောင်းထိုး၍ ဘန်ကာနှင့် ကတုတ်ကျင်းများ တည်ဆောက်ကာ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့မှစ၍ အခိုင်အမာ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ရှောက်ပင်အောင်မြင်ကျေးရွာ လေးလမ်းဆုံလမ်းသည် ဂန့်ဂေါမြို့နယ်မှ ချင်းပြည် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီ စသည့် မြို့နယ်များသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာ အဓိကကျသည့် လမ်းကြောင်းဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်သည် တပ်စခန်းထိုင်၍ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လာမည်ကို ဒေသခံများသည် စိုးရိမ်နေကြကြောင်း သိရသည်။
ချင်းပြည်သို့ သယ်ယူမည့် ကုန်ပစ္စည်းများကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပိတ်ပင်ထားဆီးမှုများ ပြုလုပ်လာပါက ချင်းပြည်ရှိ မြို့နယ်များတွင် စားသောက်ကုန်များ ပြတ်လပ်မှုနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိသဖြင့် ချင်းပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။
သတင်း – James Roe