ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေ အတည်ပြုပြဌာန်း

ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေ အတည်ပြုပြဌာန်း

မတ်လ ၂၆ ရက်၊ ၂၀၂၅။

ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို မတ်လ ၁၃ ရက်နေ့တွင် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပထမကြိမ်၊ ချင်းပြည်လွှတ်တော်၊ ပဉ္စမ ပုံမှန်အစည်းအဝေးတွင် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေနှင့် အခွန်အကောက်ဥပဒေ (၂၀၂၅) တို့ကို ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် အတည်ပြုပြဌာန်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဥပဒေပြဌာန်းချက်များ၏ အသေးစိတ်ကိုမူ ပြောဆိုထားခြင်း မရှိသေးကြောင်း သိရသည်။

ချင်းပြည်အစိုးရ ဝန်ကြီးချုပ်ပူးပါထန်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ မတူပီမြို့နယ်၊ လလွီကျေးရွာ၊ လွီဗန်းကျေးရွာ၊ ဇိုတုန်ဒေသက ရေဇွာမြို့ကို သွားရောက်ခဲ့ရာတွင်လည်း ဒေသန္တရအစိုးရအဖွဲ့၊ ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ဒေသန္တရအုပ်ချုပ်ရေးဥပဒေအကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ချင်းပြည်ကောင်စီ ဒုဥက္ကဌ – ၂၊ လွှတ်တော် ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးတို့သည့် ပြီးခဲ့သည့် မတ်လ ၁၄ ရက်မှ ၁၈ ရက်အထိ ဇိုဖေရမ်ဒေသ လေတပ်ရွာ၊ မရာဒေသ ငဖိုင်းသဲရွာ၊ လုံကျွေးပီးရွာ၊ လုံကျွေးသေးရွာ၊ လောက်တူဒေသ ဖန်ထဲန်ရွာသို့ သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ချင်းပြည်လွှတ်တော်မှ ပြဌာန်းလိုက်သည့် ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ မြို့နယ်နှင့် ဒေသအသီးသီးတွင် ချင်းတော်လှန်ရေးအင်အားစုများသည် မတူညီမှုများရှိနေသည့် မိမိတို့၏ ဥပဒေများဖြင့် အုပ်ချုပ်နေမှုများသည် ဥပဒေပြဌာန်းပြီးပါက မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးပိုင်းတွင် ဖြစ်စေ၊ ချင်းပြည်အစိုးရနှင့် ဖြစ်စေ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေနိုင်သည်ဟု သိရသည်။

ချင်းပြည်လွှတ်တော်သည် ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း ဥပဒေ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ အခွန်အကောက်ဥပဒေ၊ တရားစီရင်ရေးဥပဒေတို့ကို ပြဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *