ငဖဲမြို့နယ်၊ လိုင်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
မတ်လ ၂၆ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လိုင်ကျေးရွာကို မတ်လ ၂၅ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ နတ်ရေကန် ဗျူဟာကုန်းမှ ဒရုန်းဖြင့် ဗုံးသီး ခုနှစ်လုံးထက်မနည်း ကြဲချခဲ့ခြင်းကြောင့် ပဘဲကျေးရွာမှ လိုင်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေထိုင်နေသည့် အသက် ၄၀ ကျော်အရွယ် ဦးရွှေသိန်းသည် သေဆုံးသွားရပြီး လိုင်ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမိုင်ခန်း သည် လက်ကျိုးသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ နတ်ရေကန် ဗျူဟာကုန်းအနီးရှိ တိုက်ပွဲဖြစ်ပွားသည့် နေရာများကို ယမန်နေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ပြီး အထိအခိုက်ကိုမူ အတည်ပြု၍မရသေးကြောင်း သိရသည်။
လိုင်ကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိကာ ချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီ၏ နတ်ရေကန် ဗျူဟာကုန်းအနီးဝန်းကျင်တွင်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
သတင်း – James Roe