အိန္ဒိယ – မြန်မာ နယ်စပ် ခြံစည်းရိုးကာရံရန် အိန္ဒိယအစိုးရ စီစဉ်

အိန္ဒိယ – မြန်မာ နယ်စပ် ခြံစည်းရိုးကာရံရန် အိန္ဒိယအစိုးရ စီစဉ်

မတ်လ ၂၇ ရက်၊ ၂၀၂၅။

အိန္ဒိယ – မြန်မာ နယ်စပ်၊ တမူးမြို့နှင့် မိုးရေးမြို့ ကြား နယ်စပ်ခြံစည်းရိုးကို အိန္ဒိယအစိုးရက မတ်လ ၂၅ ရက်နေ့မှစ၍ ခြံစည်းရိုးခပ်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

နယ်စပ်ခြံစည်းရိုးခပ်မည့်နေရာသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားနယ်စပ်မှ မိုင်တိုင် ၇၇ မှ ၇၉ ထိ ကာရံရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ဟောင်လင်ဖိုင်ကျေးရွာအနီး မိုင်တိုင် ၇၆ အထိ တိုးချဲ့ကာရံသွားရန်လည်း လုပ်ဆောင်နေတာကြောင်း အိန္ဒိယအခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်ကို သိရသည်။

တိုးချဲ့ကာရံမည့် နယ်စပ်စည်းရိုးသည် တမူးမြို့နှင့် ထိစပ်နေသည့်နေရာဖြစ်ကာ တမူး‌မြို့ဒေသခံများနှင့် မိုးရေးမြို့ဒေသခံများ အဓိကဝင်ထွက်သွားလာနေသည့် နယ်စပ် ဝင်/ထွက်ပေါက် နေရာတစ်ခုလည်း ဖြစ်သည်။

ယခုကဲ့သို့ နယ်စပ်ခြံစည်းရိုးကာရံမည့် အစီအစဉ်သည် နယ်စပ်တွင်ရှိသည့် နှစ်နိုင်ငံမှ တိုင်းရင်းသားပြည်သူများအတွက် အခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံလာနိုင်သည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်မှုရှိနေကြကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများနှင့် မူးယစ်ဆေးဝါးများ နိုင်ငံတွင်း ဝင်ရောက်မှုများကို တားဆီးနိုင်ရန်နှင့် ပြည်တွင်းလုံခြုံးရေးအတွက် အဓိကအချက်ခြာကျသည့် တမူးမြို့နှင့် မိုးရေးမြို့ကြားရှိ နယ်စပ်ခြံစည်းရိုးကို အမြန်ဆုံးကာရံနိုင်ရန် ဒေသတွင်းရှိ ဌာနဆိုင်ရာများကို ညွန်ကြားထားကြောင်း အိန္ဒိယအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *