အိန္ဒိယ – မြန်မာ နယ်စပ် တစ်နေရာရှိ စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုရရှိ
မတ်လ ၂၇ ရက်၊ ၂၀၂၅။
အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ဌာနေတိုင်းရင်းသားမိသားစု Indigenous Family(Tamu) နှင့် CDM ကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ ကျေးရွာနှစ်ရွာတွင် စစ်ရှောင်ပြည်သူများကို မတ်လ ၂၅ ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ပေးခဲ့ကြောင်း IFT အဖွဲ့မှ သိရသည်။
အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ကျေးရွာနှစ်ခုတွင် မြန်မာစစ်ရှောင်ပြည်သူ ၂၀၀ ကျော်ကို ကာလဝမ်းရောဂါနှင့် အခြားရောဂါဝေဒနာများ ခံစားနေရသောကြောင့် IFT အဖွဲ့နှင့် CDM ကျန်းမာရေးအဖွဲ့မှ ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမ ၃ဦး နယ်လှည့်ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ပေးခဲ့ပြီး ဒေသခံစစ်ရှောင်ကော်မတီအဖွဲ့ဝင်များနှင့်လည်း ကြားကာလတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
IFTအဖွဲ့သည် ယခုကဲ့သို့ကျန်းမာရေးစောင့်ရှောက်မှု ကူညီပေးခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ဆက်လက်၍လည်း စစ်ရှောင်များအချင်းချင်းကူညီနိုင်ရန်အတွက် မူဝါဒရေးဆွဲထားခြင်းများရှိကြောင်းနှင့် ဆက်လက်၍ ကူညီမှုများကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ကျေးရွာနှစ်ခုတွင် မြန်မာစစ်ဘေးရှောင် အိမ်ခြေ ၂၅၀ကျော် စစ်ဘေးရှောင် ခိုလှုံနေကြရပြီး အိန္ဒိယဘက်မှ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် တမူးနယ်ဘက်တွင် စစ်ရေးတင်းမာနေခြင်းကြောင့် ဆေးဝါးများ အလွယ်တကူမရရှိနိုင်ခြင်းဖြစ်ရကာ ဆေးဝါးကုသရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရသည်။
စစ်ရှောင်နေသည့် ကျေးရွာအနီးတဝိုက်တွင် ရေတွင်းမရှိသည့်အပြင် နွေရာသီရောက်ရှိလာသောကြောင့် ရေရရှိသည့်စမ်းချောင်းတွင်လည်း ရေခမ်းခြောက်လာခြင်းနှင့် ရေသန့်ရှင်းမှုမရှိခြင်းကြုံတွေ့နေရကာ စစ်ရှောင်ပြည်သူများသည် ဝမ်းပျက်ဝမ်းလျောခြင်းနှင့် ယားနာရောဂါများ ခံစားနေကြရသည်ကို သိရသည်။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ၂၀၂၁ ခုနှစ် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူ သုံးသောင်းကျော်ရှိနေပြီးဖြစ်ကာ အကူအညီများဆက်လက်လိုအပ်နေကြကြောင်း သိရသည်။
သတင်း – James Roe