ငဖဲမြို့နယ်တွင် ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသရန် အကူအညီလိုအပ်

ငဖဲမြို့နယ်တွင် ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသရန် အကူအညီလိုအပ်

မတ်လ ၂၉ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်း ကားလမ်းတွင်ရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူများသည် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့ကြပြီး ဆေးကုသစရိတ် ရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အမ်း – ပဒါန်း ကားလမ်းတွင်ရှိသည့် ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲတွင်း အရပ်သားတွေနေထိုင်သည့် ကျေးရွာများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်ပစ်ခတ်မှုနှင့် ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာများရရှိကြပြီး ငွေကြေးအခက်အခဲများကြုံတွေ့နေရကာ  ဆေးရုံ၊ ဆေးခန်းများတွင် ကောင်းမွန်စွာ ဆေးကုသမှုခံယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများပါဝင်ကြကာ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးကျည်များ ထိမှန်၍ သေဆုံးသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် အရပ်သားနှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မတ်လ ၃ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုန်ကြဲတိုက်ခိုက်မှုကြောင့် လင်းတဲကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးခဲ့ရပြီး မတ်လ ၂၅ ရက်နေ့တွင်လည်း လိုင်ကျေးရွာတွင် ဒရုန်းဖြင့် ဗုန်ကြဲတိုက်ခိုက်မှုကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ အမ်း – ပဒါန်း ကားလမ်းပေါ်တွင် ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင်းတွင် ဒေသခံပြည်သူ ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *