မတူပီမြို့ပေါ်တွင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ
ဧပြီလ ၈ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မတူပီမြို့ပေါ်တွင် ၂ နှစ်အောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း မတူပီမြို့နယ်ကျန်းမာရေးဌာန(Matupi Township Health Department ) က ဧပြီ ၇ ရက်တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
၂ နှစ်အောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ နေ့မှ စတတင်၍ထိုးနှံပေးပြီး ကလေးသူငယ် ၄၀ ကျော်နှင့် ကိုယ်ဝန်ဆောင်မိခင် ၁၀ ယောက်ကျော် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးများကို Chin Health Organization (CHO) က ကူညီပံ့ပိုးပေးခဲ့သည့်အပြင် လိုအပ်သည့်ဆေးဝါးများကို အလှူရှင်များ၏ထောက်ပံ့မှုနှင့် မတူပီမြို့နယ်ကျန်းမာရေးငှာနမှ ဝယ်ယူထိုးနှံပေးခဲ့ကြောင်း ဖော်ပြထားသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မတူပီမြို့နယ်၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေအတွင်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သကဲ့သို့ ကျန်ရှိနေသည့် ကျေးရွာများကိုလည်း ဆက်လက်၍ ရွာအထိဆင်းကာ ထိုးနှံနေကြရကြောင်း တာဝန်ခံများထံမှ သိရသည်။
မတူပီမြို့နယ်ကျန်မာရေးဌာနအနေဖြင့် တော်လှန်ရေးရဲဘော်များအပြင် ပြည်သူများကို ကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့သကဲ့သို့ မြို့သိမ်းတိုက်ပွဲပြီးနောက် မတူပီမြို့ပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပြန်လည်၍ ကာကွယ်ဆေးများ ထုံးနှံပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မတူပီမြို့နယ်အတွင်း ဆေးဝါးအကူအညီများ ဆက်လက်လိုအပ်နေသည့်အပြင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အားများလည်း လိုအပ်နေပြီး မကြာမီကျရောက်လာမည့် မိုးရာသီကာလအတွက်လည်း ကြိုတင်၍ ဆေးဝါများလိုအပ်နေကြောင်း သိရသည်။
Matupi Township Health Department သည် မတူပီမြို့သိမ်းပိုက်ပြီးနောက် CDMဆရာမများနှင့် Volunteer များဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ပါဝင်လိုသည့် ကျန်းမာရေး CDM ဝန်ထမ်းများကိုကြိုဆိုလျက်ကြောင်းနှင့် ပါဝင်လိုပါက Matupi Township Health Department Facebook Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်း – James Roe