ရဲတစ်ဦးနှင့် ပြည်သူ့စစ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် CDF – Hakha ထံအလင်းဝင်
ဧပြီလ ၈ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ့စစ် နှစ်ဦး CDF – Hakha ထံ အလင်းဝင်လာခဲ့ကြောင်း ဧပြီ ၇ ရက်နေ့နှင့် ၈ ရက်နေ့ တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
အလင်းဝင်လာသည့် ပြည်သူ့စစ်နှစ်ဦးသည် မကွေးတိုင်း၊ တောင်ခင်ရန်းရွာဒေသခံဖြစ်ကာ အလုပ်လုပ်နေစဉ်တွင် စစ်မှုမထမ်းမနေရဥပဒေကြောင့် ပေါ်တာဆွဲ အဖမ်းခံရကာ ကလေးမြို့စစ်သင်တန်းသို့ တက်ရောက်စေခိုင်းပြီးနောက် ဟားခါးမြို့သို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး စစ်မှုထမ်းနေစဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် မနေချင်တော့သည့်အတွက် CDF-Hakha ထံလက်နက်ခဲယမ်းများနှင့်အတူ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်သားဖြစ်သည့် သန့်ဇင်ဖြိုး အသက် ၂၅ နှစ်သည် ဟားခါးမြို့ပေါ် စိုက်ပျိုးရေးခြံတွင် လုံခြုံရေးတာဝန်ယူရသည့် ရဲတပ်သားဖြစ်ပြီး ဧပြီ ၆ ရက်နေ့တွင် BA 63 တစ်လက်၊ ကျည် ၁၄၇ ထောင့်နှင့် ကျည်ဘောက်တစ်ခု စသည်တို့ယူဆောင်လာ၍ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ရန် မလိုချင်သူများသည် အလင်းဝင်ရောက်လာရန်နှင့် နွေးထွေးစွာကြိုဆိုလက်ခံပြီး ငွေသားဆုများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာသို့ ရောက်သည်အထိ တာဝန်ယူကြောင်း၊ ကျန်ရှိသည့်သူများကိုလည်း အလင်းဝင်လိုပါက အမြဲတမ်းကြိုဆိုလက်ခံကြောင်း CDF-Hakha က အသိပေးထားသည်ကို သိရသည်။
သတင်း – James Roe