တွန်းဇံမြို့နယ် Buangmual ရွာကိုလည်း ZRA က ထပ်မံ၍ မီးရှို့ဖျက်ဆီး

တွန်းဇံမြို့နယ် Buangmual ရွာကိုလည်း ZRA က ထပ်မံ၍ မီးရှို့ဖျက်ဆီး

ဧပြီလ ၈ ရက်၊ ၂၀၂၅။

ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့နယ် Buangmual ကျေးရွာကို Zomi Revolutionary Army (ZRA) တပ်ဖွဲ့က ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ ၃၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

ZRA တပ်ဖွဲ့သည် Buangmual ကျေးရွာကို ဧပြီလ ၆ ရက်နေ့တွင် မီးရှို့သွားခြင်းဖြစ်ကာ အိမ်ခြေ ၃၄ လုံး မီး လောင်ပြာကျခဲ့ရပြီး လက်ရှိတွင် ရွာသူ/သားများသည် အကူအညီလိုအပ်နေကြောင်း သိရသည်။

တွန်းဇံမြို့တွင် ချင်းပြည်ကောင်စီပူးပေါင်းတပ်များနှင့် ZRA တပ်ဖွဲ့တို့ ဧပြီ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြန်လည်ဆုတ်ခွာလာရာလမ်းတွင်ရှိသည့် တိုက်ပွဲနှင့်သက်ဆိုင်မှုမရှိသော အပြစ်မဲ့ပြည်သူများ၏နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ လုပ်ရပ်ကဲ့သို့ နတ်ဇန်ကျေးရွာကို မီးရှို့ခဲ့ပြီးနောက်တွင် Buangmual ကျေးရွာကိုလည်း ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်ကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်တွင် CDF – Tonzang က ထိန်းချုပ်ထားပြီး လက်ရှိတွင် ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေသည့် မြို့နယ်ဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *