မီဇိုရမ်ပြည်နယ်သည် ချင်း(ဇို) မျိုးနွယ်စုများအားလုံး၏ ခိုလုံရာအိမ်ကြီးဖြစ်ကြောင်း MZP ပြော
ဧပြီလ ၁၀ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ မီဇိုးကျောင်းသားသမဂ္ဂ MZP ဗဟိုဌာနချုပ်တွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို ဧပြီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လက်တလောတွင် ဖြစ်ပွားနေသည့် မီဇိုရမ်ပြည်နယ်တွင် ပြစ်မှုတစ်ခုခုပေါ်လာတိုင်း စစ်ဘေးရှောင်များအပေါ် အခြေအမြစ်မရှိ အပြစ်ပုံချ၍ စစ်ဘေးရှောင်များအား နာမည်ပျက်စေရန် ဝါဒဖြန့်မှုများရှိနေသည့်အပေါ် စိတ်မကောင်းဖြစ်ရပြီး ချင်း(ဇို) မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှု ထိခိုက်နိုင်ကြောင်း စစ်ဘေးရှောင်တွေထဲမှာ အပြစ်ကျူးလွန်သူရှိရင် ဥပဒေကြောင်းအရ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ အာဏာပိုင်များကို မီဇိုးကျောင်းသားသမဂ္ဂ MZP က ထုတ်ပြန်ထားသည်ကို သိရသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယခုရက်ပိုင်းအတွင်း လူစည်ကားရာနေရာတချို့တွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး မြန်မာစစ်ဘေးရှောင်များမှ ကျူးလွန်ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းများပြန့်နှံ့ခဲ့ပြီးနောက် စစ်ဘေးရှောင်များအပေါ် အမုန်းပွားမှုပိုများလာစေကာ တချို့ရပ်ကွက်များတွင် စစ်ဘေးရှောင်များအား နေထိုင်ခွင့်မပြုခြင်း၊ သက်သေအထောက်အထားမပါရှိလျှင် အိမ်ငှါးခွင့်မပြုရန် ထုတ်ပြန်မှုများလည်း ရှိလာနေကြောင်း သိရသည်။
ဓါးထိုးမှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသည့်အခါတွင် မြန်မာစစ်ဘေးရှောင်များ ပါဝင်ပတ်သက်မှုမရှိဘဲ အချင်းချင်းအငြင်းပွားရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုကဲ့သို့ စစ်ဘေးရှောင်များအပေါ် အမုန်းပွားစေမည့်သတင်းမှားများ ဖြန့်ဝေသည့်ကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ရဲတပ်ဖွဲ့ က သတင်းအမှန်ကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးနိုင်သည့်အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း MZP က ပြောသည်။
မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များအား စနစ်တကျစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သော ဥပဒေများ အမြန်ဆုံးပြဌာန်းရန်လည်းလိုအပ်ပြီး ထိုကဲ့သို့ဆောင်ရွက်နိုင်မှသာ မီဇိုးလူထုနှင့် စစ်ဘေးရှောင်များအကြား နားလည်မှုပြန်လည်တည်ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ချင်း (ဇိုး) မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သော ဆောင်ရွက်မှုများ နှင့် စကားလုံးအသုံးအနှုန်းများ ထုတ်ဖော်ပြောဆိုခြင်းမပြုလုပ်ကြရန် MZP က တောင်းဆိုထားသည်။
မြန်မာနိုင်ငံနှင့် မဏိပူရ်ပြည်နယ်မှ နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာသူများကို နွေးထွေးစွာလက်ခံကြိုဆိုစောင့်ရှောက်ခြင်းသည် မီဇိုးလူမျိုးများ၏ ရိုင်းပင်းကူညီတတ်သော အလေ့အထနှင့် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သူများအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာလည်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်သည် ချင်း(ဇို) မျိုးနွယ်စုများအားလုံး၏ ခိုလုံရာအိမ်ကြီးလည်း ဖြစ်သောကြောင့် မီဇိုရမ်ပြည်နှင့် ထိစပ်နေသောဒေသတွင် ဒုက္ခရောက်နေကြသူများသည် အဓိကခိုလုံရာအဖြစ် ရောက်ရှိလာကြခြင်းသည်လည်း မီဇိုရမ်အတွက် ကံကောင်းခြင်းဖြစ်သည်ဟု MZP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို သိရသည်။
သတင်း – James Roe