တီးတိန်နှင့် မင်းတပ်မြို့နယ်တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
ဧပြီလ ၁၀ ရက်၊ ၂၀၂၅။
ချင်းပြည်၊ တီးတိန်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဧပြီလ ၉ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။
တီးတိန်မြို့နယ်၊ ဆိုင်းဇန်(Saizang)ကျေးရွာကို ဧပြီလ ၉ ရက် ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် မိသားစုဝင် ၆ ဦး ဖြစ်သည့် Pau Sian Kham ၊ Cing Sen Don ၊ Kham Ho Van ၊ Cing Sian Nuam ၊Suan Deih Sian နှင့် Kim Deih Piang အသက်ဆုံးရှုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုနည်းတူ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာတွင်လည်း ဧပြီလ ၉ ရက်နေ့ ည ၈ နာရီ ၄၇ မိနစ်မှ ၉ နာရီဝန်းကျင်အထိ လေကြောင်းကမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ခရစ်ယာန်ဓမ္မဆရာတပါးနှင့်အတူ မိသားစုဝင် ၅ ဦး စုစုပေါင်း ၆ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတချို့သည် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထပ်မံ၍ ဗုံးကြဲချခံရမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိတွင် တီးတိန်မြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ကျေးရွာများကိုမူ ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး မင်းတပ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe