ချင်းညီနောင်စစ်ဆင်ရေး(Operation Jerusalem) အောင်မြင်မှုအပေါ် CDF – Paletwa မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
ဧပြီလ ၁၁ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ဖလမ်းမြို့ကို ချင်းညီနောင်စစ်ဆင်ရေး(Operation Jerusalem) အောင်မြင်မှုအပေါ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ပလက်၀) CDF – Paletwa မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် သဝဏ်လွှာပေးပို့ထားသည်ကို သိရသည်။
ချင်းအမျိုးသားလွတ်မြောက်ရေးနှင့် ချင်းပြည်လွတ်မြောက်ရေးအတွက် ချင်းညီနောင်၏ စွန့်စားပေးဆပ်မှုများနှင့် အောင်ပွဲအလီလီရယူခြင်းများအပေါ် အလေးအမြတ်ထားဂုဏ်ပြုကြောင်း ဆိုသည်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) အနေဖြင့် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး၊ အမျိုးသားတန်းတူရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ ချင်းညီနောင်စစ်ဆင်ရေး(Operation Jerusalem) ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ဖလမ်းမြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်း – James Roe