အပိုင်း (၃)
မိနစ်အနည်းအငယ်အကြာမှာ ထပ်ပြီးခရီးပြန်ဆက်ပါတယ်။
နေကကျဲကျဲတောက်ပူနေပြီး နေရှိန်မကျသေးပါ။ ပြောင်းဖူးပင်တွေ၊ ပွင့်နေတဲ့နေကြာပင်တွေ၊ ဆေးရွက်ကြီးတွေ၊ မုန်ညှင်းပင်တွေ စိုက်ထားတဲ့ကိုင်းခင်းတွေကို ဖြတ်ခဲ့ရတယ်။
စပါးတွေ မှည့်ဝင်းနေပြီဖြစ်တဲ့ လယ်ကန်သင်းပေါ်ကလည်း ဖြတ်လျှောက်ခဲ့ရတယ်။
လယ်ပိုင်ရှင် တစ်ယောက်စ နှစ်ယောက်စကိုလည်း တွေ့ရပါတယ်။ သူတို့က ကျွန်တော်တို့ကို နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ကြည့်လို့။
“ကျွန်တော်တို့က ဦးတည်တာချင်းမတူပေမယ့် ခရီးသွားနေရတာချင်းတော့ တူပါတယ်…” လို့ စိတ်ထဲကနေပဲ ပြောနေမိတယ်။
တဖြည်းဖြည်းနဲ့ ခရီးက အရင်ကထက် နှစ်ဆလောက်ပိုကြမ်းလာပါတယ်။ အစဉ်လိုက်တော့ မမှတ်မိတော့ပါ။ လမ်းတစ်လျှောက် စမ်းချောင်းတွေ၊ တောင်ယာအဟောင်းတွေ ဖြတ်ခဲ့တာရယ်၊ လမ်းမှာ သုံးကြိမ်လောက် နားရ တာရယ်၊ ဝါးခုတ်တဲ့ရွာသားတစ်ယောက်ကို တွေ့ခဲ့တာရယ်၊ ခြစ်ခြစ်တောက်ပူနေတဲ့ကြားထဲ တောင်တက်လမ်း လည်းဖြစ်ပြန်တာကြောင့် ချွေးတလုံးလုံးနဲ့ ခတ်ခဲပင်ပန်းစွာ လမ်းလျှောက်ခဲ့ရတာတွေကိုပဲ မှတ်မိပါတော့တယ်။
အေအေရဲဘော်တွေလည်း ပင်ပန်းနေကြပါလိမ့်မယ်။ စပိဘုတ်စက်တွေ၊ ဆီပုံးတွေအပြင် ကျွန်တော့်ပစ္စည်းတွေ ကိုပါ ထမ်းလာတာဆိုတော့။
ဒါပေမယ့် သူတို့က ငယ်ရွယ်နေသေးတာရယ်၊ အောင်နိုင်သူနေရာကရယ်ဆိုတော့ မောမှန်းသိပုံမရပါဘူး။ ကျွန်တော့်အဝတ်အိတ်ကို ထမ်းလာတဲ့သူတွေအချင်းချင်း
“အခုမှ ရန်ကုန်ကပြန်လာတာ…”ဆိုပြီး ရယ်ရယ်မောမော နောက်ပြောင်နေကြပါတယ်။
တောလမ်းကျဉ်းကျဉ်းနဲ့ တောင်ကုန်းထိပ်ကို စ,တက်တော့ ကျွန်တော်တို့အဖွဲ့ တော်တော်မောနေကြသလို ဗိုက်ကလည်းတော်တော်ဆာနေကြပါပြီ။
ယာဉ်မောင်းဦးသင်္ခါကျော်ဆို အမောဆို့ပြီး တရှုးရှုးဖြစ်နေရှာပါတယ်။
ပါးစပ်ကလည်း “အဘာလေး…၊ အဘာလေး…”နဲ့ အော်နေပါတယ်။
တောင်တက်လမ်းတစ်လျှောက် ဝါးပင်တွေပဲ တွေ့ရတယ်။ မိနစ်နှစ်ဆယ်လောက်လျှောက်တော့ အေအေစခန်း ဟောင်းတွေနဲ့ လက်ရှိစခန်းထိုင်တဲ့နေရာတွေ တွေ့ရပါတယ်။
စခန်းတာဝန်ခံထိုင်တဲ့ နေရာမရောက်ခင် သစ်ပင်တစ်ပင်မှာ ချည်ထားတဲ့ ဆိတ်ထီးကြီးတစ်ကောင် တွေ့တော့
“အိန္ဒိယသားတွေကို ဧည့်ခံဖို့ ညနေစာ…”
ဆိုတဲ့သတင်းစကား အေအေရဲဘော်တွေဆီက ပြောသံကြားရပါတယ်။
မသိသားဆိုးဝါးလိုက်တဲ့ကျွန်တော်က ဒီလိုတော့ဖြင့်…
“ငါလို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကိုတော့ဖြင့် လုံးလုံးလျားလျား ဥပေက္ခာမပြုတန်ကောင်းရာ၊ စားရကံကြုံချင်တော့ ဆိတ်သားနဲ့ အူစိုရချည်သေးရဲ့…”လို့ စိတ်ကူးမိနေပါသေးတယ်။
နေ့လည် သုံးနာရီခွဲလောက်မှာတော့ အေအေအကြီးအကဲ စခန်းထိုင်တဲ့နေရာရောက်ပါပြီ။
ရောက်ရောက်ချင်းပဲ အေအေလူကြီးတစ်ယောက်က ယာဉ်မောင်းနှစ်ယောက်ကိုခေါ်ပြီး
“စိတ်မရှိပါနဲ့… မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ ရောယောင်ပြီးပါသွားတာပါ၊ မကြာခင်ပြန်လွှတ်ပေးမယ်…”လို့ ပြောနေသံ ကြားရပါတယ်။
ပြောရင်းနဲ့ သူတို့နှစ်ဦးရဲ့ လက်ထိပ်ကိုဖြုတ်ပြီး နှစ်ယောက်ပေါင်း လက်ထိပ်ခတ်လိုက်ပါတယ်။ ကျွန်တော့်ကို တော့ ဘာမှမပြောပါ။
ခဏနားပြီးတော့ ကျွန်တော်နဲ့ ယာဉ်မောင်းနှစ်ယောက်ကို အဲဒီနေရာကနေ ကိုက် ၁၅၀ လောက်အကွာက တောင်ကုန်းဆီ ခေါ်သွားပါတယ်။ ရောက်တာနဲ့ ကျွန်တော့်ကို လက်ထိပ်ဖြုတ်ပြီး သံခြေချင်းခတ်၊ ရှိနှင့်နေတဲ့ အေအေ အကျဉ်းသားလေးဦးနဲ့အတူ ထိပ်တုံးခတ်လိုက်ပါတယ်။
အတူပါလာတဲ့ ယာဉ်မောင်းနှစ်ယောက်ကိုလည်း အသစ်ဆောက်ထားတဲ့ တာပေါ်လင်စအမိုးနဲ့ အခြားတဲတစ်ခုမှာ ထိပ်တုံးခတ်လိုက်ပါတယ်။
ကျွန်တော့်ကို အေအေအကျဉ်းသားတွေနဲ့အတူ ချုပ်ထားတဲ့နေရာက တာပေါ်လင်စအမိုးနဲ့ အကာအရံမရှိ၊ မြေကြီးပေါ်ခင်းထားတဲ့ ဝါးကြမ်းခင်းနဲ့ ဖြစ်ပါတယ်။ အခင်းမြေလည်း မညီမညာနဲ့ လှဲအိပ်ရခက်ခဲလှပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နေကုန်နီးပါး ခြေကျင်လျှောက်ရတာ၊ တောင်တက်ရတာ မောလွန်းတာကြောင့် ခဏလှဲပြီး မှေးနေလိုက်တယ်။ ဒါပေမယ့် အိပ်ပျော်တာမျိုးတော့မဟုတ်။ နားကတော့ အပြင်ကအသံတွေ အတိုင်းသား ကြားနေရပါတယ်။
ညနေ ခြောက်နာရီလောက်မှာ အေအေလူကြီးတွေက ယာဉ်မောင်းနှစ်ဦးကို ပြန်ခေါ်သွားပါတယ်။ ခဏနေတော့ စောစောက လမ်းမှာတွေ့ခဲ့တဲ့ ဆိတ်ပေါ်နေပြီလို့ ရဲဘော်အချို့ပြောနေတာကိုကြားရတယ်။ မနက်စာလည်း မစားရသေးတော့ ဗိုက်ကတော်တော်ဆာနေပါပြီ။
ညနေ ခြောက်နာရီခွဲလောက်မှာ ကျွန်တော့်အတွက် ထမင်းပို့လာပါတယ်။ ဒါပေမဲ့ အဲဒီညနေစာမှာ မျှော်လင့်ထားတဲ့ ဆိတ်သားမပါလာပဲ ငါးခြောက်လေးနှစ်ဖဲ့နဲ့အတူ ချဉ်ပေါင်ရွက်ပြုတ်နဲ့ ထမင်းကြမ်းပဲ ပါလာပါတယ်။ ဒီလိုပဲ တစ်ခါတလေ မှန်းချက်နဲ့နှမ်းထွက်လွဲတတ်ကြောင်း နှစ်ထပ်မှတ်မိရတဲ့ နေ့တစ်နေ့ပါပဲ။
အေအေ အကြီးအကဲ ဗိုလ်မှူးခိုင်ရက္ခ(လျှို့ဝှက်အမည်)ရဲ့နေရာနဲ့ ကျွန်တော်တို့အကျဉ်းသားနေတဲ့နေရာက ကိုက်နှစ်ရာလောက် ကွာဝေးပါတယ်။
အကျဉ်းကျရဲဘော်တွေက ကျင့်သားရပြီးသားမို့ ရုံးအဖွဲ့ဘက်က အပြန်အလှန်ပြောတဲ့ စကားဝှက်တွေကို နားလည်ကြောင်းပြောပြပါတယ်။ ကျွန်တော်လည်း ရှေ့ဆက်ဘာဖြစ်လာအုံးမလဲဆိုတာ နားစွင့်နေခဲ့မိတယ်။ ကျွန်တော့်အထင်မှာတော့ နှစ်ရက်သုံးရက်လောက်ဆို ပြန်လွတ်လာနိုင်ပြီလို့ ယုံကြည်နေပါတယ်။
ည ခုနစ်နာရီခွဲလောက်မှာ အိန္ဒိသား ငါးဦးနဲ့ စကားပြန် နှစ်ဦးတို့လည်း စခန်းကုန်းပါ်ရောက်နေကြပြီဖြစ်ကြောင်း၊ တစ်ဦးကတော့အမောဆို့ပြီး အခြေအနေမကောင်းကြောင်း၊ ဆေးဆရာတွေက အရေးပေါ်ကုသနေကြောင်း ကြားရပါတယ်။
အထက်လူကြီးတွေဆီ အချင်းချင်းချိတ်ဆက်သတင်းပေးပြီး စကားပြောစက်နဲ့ ပြောသံကြားရသလောက်တော့ သူတို့ကို ပြန်လွှတ်ပေးဖို့ပြောတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုသံ ကြားရပါတယ်။
ကျွန်တော့်အကြောင်းကိုတော့ တစ်စုံတစ်ရာမှတ်ချက်စကား အခုထိမကြားရသေးတာကို နည်းနည်းအံ့ဩနေမိပေမယ့် ကိုယ့်အတွက် ဒုက္ခရောက်နိုင်ချေ သုညဒီကရီမှာ ချထားဆဲပါပဲ။ ဘာဖြစ်လို့ပါလိမ့်။
နောက်တော့ စောစောကအိန္ဒိယသား ဆုံးပါးသွားပြီဆိုတာရယ်၊ သေဆုံးသွားသူရဲ့အလောင်းကို အောင်သာယာရွာဆီ ညတွင်းချင်းပို့ရမယ် ဆိုတာရယ်၊ အိန္ဒိသားအားလုံးကို ညတွင်းချင်းပဲ ပြန်လွှတ်ပေးပြီး သန်းခေါင်ကျော် တစ်နာရီလောက်မှာ အောင်သာယာရွာ(ကျွန်တော်တို့ ဖြတ်လာခဲ့တဲ့ရွာ) ကနေတစ်ဆင့် ကျွန်တော်တို့စီးလာတဲ့ စပိဘုတ်နဲ့ပဲ ကျောက်တော်မြို့သို့ ပို့လိုက်ပြီ… ဆိုတာတွေကို ရုပ်မြင်သံကြားဇတ်လမ်းတွဲ စောင့်ကြည့်သူလို အပိုင်းလိုက် တစ်ကွက်ချင်းကြားရတော့တာပါပဲ။
လွတ်သွားသူတွေအတွက် ဝမ်းသာပေးရမှာလား။
တကယ်တော့ ကိုယ်နဲ့အတူတူအဖမ်းခံရတဲ့ ရဲဘော်ရဲဘက်တွေ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ ခံစားချက်မျိုး ရိပ်ကနဲ ဝင်လာပါသေးတယ်။ ဒါပေမယ့် ဝင်လာတဲ့အတွေးကို ချက်ချင်းဖျောက်ပစ်လိုက်ပါတယ်။
လောလောဆယ် ကျွန်တော်ကိုယ်တိုင်ကိုယ်က အခုနေချိန် အရေးတကြီးအနားယူဖို့ လိုအပ်နေတယ်မဟုတ်လား။
ဒီနေ့ကတော့ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဘဝအတက်အကျ၊ ခတ်ခဲပင်ပန်းမှု၊ စိတ်ကျဉ်းကြပ်မှု၊ အစား ဆင်းရဲ အနေဆင်းရဲမှု၊ ဝေခွဲမရမှု…စတာတွေကို တစ်ရက်တည်းမှာ ခံစားခဲ့ရတာဖြစ်သလို ရှည်လျားလွန်းတဲ့ နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့အဖို့တော့ ဆက်မတွေးချင်တော့ပါ။ ကျွန်တော်အတော့်ကို ပင်ပန်းနေပါပြီ၊ မျက်လုံးစုံမှိတ်ပြီး ကြိုးစားအိပ်ပစ်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုတော့ ၂၄ နာရီ သံခြေကျင်းနဲ့ ထိပ်တုံးခတ်လိုက်ပါပြီ။
*********
ဒီနေ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။ ဒီနေ့ကတော့ အေအေလက်ထဲရောက်တာ ဒုတိယမြောက်နေ့ပါ။
ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အကျဉ်းသားရယ်လို့ အခုထိမထင်ရ၊ မခံစားရသေးပါဘူး။ ဘာကြောင့်လဲ ဆိုရင် မှားယွင်းမှုတစ်ခုခုကြောင့်သာ ဒီလိုဖြစ်နေတာလို့ပဲ ထင်နေခဲ့ပါတယ်။
ရိုးရိုးသားသားဝန်ခံရရင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တစ်ဦးဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို လူထုရဲ့ကိုယ်စားပြုမှုပြယုဂ်တစ်ခုဖြစ်တဲ့အတွက် အစိုးရအင်စတီကျူးရှင်းတွေမှာ အရေးပါအရာရောက်သလိုမျိုး အစိုးရကိုတော်လှန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ထိပါးရဲမှာ မဟုတ်ဘူးလို့ ယုံကြည်နေတဲ့ အတွက်ပါ။
တကယ်လို့ ထိပါးတယ်ဆိုရင်တောင်မှ အစိုးရတစ်ရပ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာနဲ့တူတဲ့အတွက် အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေ အငြိမ်နေမှာမဟုတ်ဘူးလို့ ယုံကြည်နေခဲ့ပါတယ်။
ဒီလိုတွေးလိုက်တော့ ကျွန်တော့်ခံစားချက်က အပြင်ရာသီဥတုလို ဆောင်းအငွေ့အသက်နဲ့အတူ အေးချမ်းလုံခြုံ နေခဲ့ပါတယ်။ မနေ့က ကိုယ်စိတ်ပင်ပန်းခဲ့ရတာတွေလည်း လွင့်စင်သွားသလို ခံစားရပါတယ်။ ခွေးတွေများ ကိုယ့်ဒဏ်ရာကို လျှာနဲ့လျက်သွေးတိတ်စေတာမျိုး လူတွေမှာလည်း ကိုယ့်ဒဏ်ရာတွေကိုကိုယ် ကိုယ့်စိတ်ကူးနဲ့ သွေးတိတ်စေတယ် ဆိုတာမျိုးထင်ပါရဲ့။
နေ့လယ်ပိုင်းလောက်မှာ ကျွန်တော်နေတဲ့တဲရဲ့ အထက်နားမှာရှိတဲ့ အသစ်ဆောက်ထားတဲ့တဲမှာ အေအေစစ်သား အကျဉ်းသားအသစ်တစ်ယောက်ကို ထိပ်တုံးခပ်ထားတာတွေ့ရပါတယ်။ ဖြစ်စဉ်ကိုသိရတာက ကျွန်တော်နဲ့အတူ အဖမ်းခံရတဲ့ အိန္ဒိယသားတွေရဲ့ အိတ်တွေထမ်းပေးရင်းနဲ့ သူတို့ရဲ့ ငွေနှစ်သိန်း(မြန်မာငွေ)ကို ခိုးယူထွက်ပြေး သွားတာပါတဲ့။
အချင်းချင်းစစ်ဆေးရာက ပေါ်သွားလို့ ညတွင်းချင်းဖမ်းပြီး စခန်းပေါ်ခေါ် အကျဉ်းချခံရတာပါ။
သူ့နာမည်က သန်းမောင် တဲ့။ ခြေထောက်မှာ ဒဏ်ရာရထားပုံပါ။ ပြီးတော့ ဒဏ်ရာက မကျက်သေးပုံပါပဲ။ သူ့ဆီက ညဉ်းသံ တစ်ညလုံးကြားနေရတယ်။
အပိုင်း(၄) ဆက်လက်ဖတ်ရှုပါရန်။