ULA/AA နှင့် CDF – Kanpetlet တို့၏ မတရားလုပ်ရပ်အပေါ် ကန်ပက်လက်ပြည်သူများ သဘောထားထုတ်ပြန်

ULA/AA နှင့် CDF – Kanpetlet တို့၏ မတရားလုပ်ရပ်အပေါ် ကန်ပက်လက်ပြည်သူများ သဘောထားထုတ်ပြန်

ဧပြီလ ၁၁ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ် (၅) နယ်မြေတွင် ULA/AA နှင့် Kanpetlet – CDF (ချင်းညီနောင်) အဖွဲ့တို့က ကလေးသူငယ်များအပါအဝင် ဒေသခံများအား အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ကာ အကြမ်းဖက်မှုများ ပြုလုပ်နေသည့်အပေါ် ကန်ပက်လက်ပြည်သူများ ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ဒေသခံများ သဘောထားထုတ်သည်ကို တွေ့ရသည်။

အဆိုပါထုတ်ပြန်ချက်တွင် အမှတ်(၅) နယ်မြေအတွင်း နေထိုင်ကြသော ကျေးရွာပြည်သူလူထုသည် ULA/AA နှင့် Kanpetlet – CDF(ချင်းညီနောင်) အဖွဲ့ကို လုံးဝလက်ခံနိုင်ခြင်း မရှိသည့်အပြင် အားပေးထောက်ခံမှုလည်း မရှိတော့ကြောင်း၊ ULA/AA နှင့် Kanpetlet CDF(ချင်းညီနောင်)အဖွဲ့သည် စစ်ရေးလှုပ်ရှားခြင်း၊ ကလေးသူငယ် များအား ဖမ်းဆီးပြီး စစ်မှုထမ်းစေခြင်း၊ အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ကြရန်နှင့် ဆက်လက်ကျူးလွန်လာပါက ပြည်သူလူထုမှပူးပေါင်းပြီး တွန်းလှန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“မတူပီ၊ မင်းတပ်၊ ကန်ပက်လက်(ချင်းညီနောင်)အဖွဲ့ ပူးပေါင်းပြီး ရွာ‌တွေဘက်မှာ စစ်ကြောင်းထိုးဖို့ ပြင်နေတယ်။ ကလေးသူငယ်တွေကို အတင်းအဓ္ဓမဖမ်းဆီးတာတွေ ဆက်လက်ကျူးလွန်လာကြတော့ ဒေသခံပြည်သူတွေက လည်း ရှိတဲ့တူမီးသေနတ်နဲ့ ပြန်ပစ်မယ်ဆိုပြီး ဖြစ်လာတယ်။ အခြေအနေကတော့ ပိုပိုပြီးတင်းမာလာတယ်…” ဟု ဒေသခံအမျိုးသားတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။

နောက်ထပ် ပြည်သူတစ်ဦးကလည်း “မတ်လ ၃၀ ရက်နေ့မှာ တပ်ရင်း ၁ ဝိတိုရိယတပ်ရင်းက မကြားကျေးရွာ တင်မဟုတ်ပဲ ကျောက်တောင်ကျေးရွာမှာလည်း အသက်မပြည့်သေးတဲ့ ကျောင်းသူ နှစ်ဦး၊ ကျောင်းသား လေးဦး ကို အငှားလိုက်တဲ့ လယ်တောအထိ ဖမ်းသွားကြတယ်။ မိဘတွေက တောင်းပန်ပေမယ့်လည်း မရဘူး။ နောက်တစ်နေ့မှာပဲ မိဘတွေက တပ်ရင်းကို လိုက်သွားကြပေမယ့် အေအေရဲ့ စစ်သင်တန်းကျောင်းကို ပို့လိုက်ပြီဆိုပြီး တပ်ရင်းတာဝန်ရှိသူတွေက ပြန်ပြောကြတယ်။ သူတို့တွေက မကြားကျေးရွာအုပ်စု တစ်အုပ်စုလုံးကြ ပြည်သူတွေကို ဖမ်းကြတာ။ မကြားအုပ်စုမှာ ကျေးရွာ ၁၂ ရွာ လောက်ရှိတယ်။ မကြားအုပ်စုက တိုက်နယ်အမှတ် (၆) ဒေသပါ။ အဲဒီအပြင် ကန်ပက်လက်မြို့အနီးအနား တူမီးထိန်းချုပ်နယ်မြေဖြစ်တဲ့ ပါကွန်းရွာနဲ့ ကန့်သာရုံရွာတွေမှာလည်း ညကြီးကားနဲ့ သွားဖမ်းတာတွေ လုပ်နေကြတယ်…” ဟု ခူမီးမီဒီယာသို့ ပြောသည်။

ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ့အာဏာသိမ်းမှုအပေါ် လက်မခံနိုင်သည့် ဒေသတွင်း လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ခြင်းကို အားပေးထောက်ခံပြီး စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ပြည်သူလူထု၏အားပေးထောက်ခံမှုဖြင့် တော်လှန်ခဲ့သည့်အတွက် စစ်အာဏာရှင်သည် ၎င်းတို့၏ဆန္ဒအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကန်ပက်လက်မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ကြပြီး ထိုနောက်တွင် Kanpetlet – CDF (ချင်းညီနောင်) အဖွဲ့နှင့် ULA/AA တို့သည် ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *