ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်
ဧပြီလ ၁၂ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ပါးစေ ပြည်သူ့စစ်နှင့် ပျူစောထီးစခန်းများအား CDF KKG နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
ကြံသာကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် ပျူစောထီးများ ၁၅ ဦး ဝန်းကျင် သေ ဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
ကလေး – ဂန့်ဂေါ ကားလမ်းတွင်ရှိသည့် ကြံသာကျေးရွာသည် ပျူစောထီးအားကောင်းစိုးမိုးသည့် ကျေးရွာ ဖြစ်ကာ တိုက်ပွဲအတွင်း ကြံသာကျေးရွာအပြင် ဟံသာဝတီ၊ မြောက်ခင်ရန်းကျေးရွာတို့မှ ပျူစောထီးအများ အပြား ပါဝင်တိုက်ခိုက်ကြသော်လည်း CDF-KKG နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ချေးမှုန်းကာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် ပျူစောထီးများ ဒဏ်ရာအများအပြား ရရှိကြပြီး ဟံသာဝတီကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ကလေးမြို့တောင်ပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကမ်းပါးနီတံတားစခန်းကို တော်လှန်ရေးပူးပေါင်း တပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တစ်လကျော်အတွင်း မှန်တောနှင့် အောင်သာယာကျေးရွာရှိ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းအစွန်ဆုံးရှိ ကြံသာရွာကို ထပ်မံသိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တစ်ခုတည်းကျန်ရှိတော့သည့် တပ်စခန်းမှာ ဟံသာဝတီကျေးရွာ ရှိ တပ်စခန်းကိုလည်း CDF-KKG နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည် ဖြစ်ကြောင်း CDF KKG မှ ပြောကြားထားသည်။
သတင်း – James Roe