ချင်းချာတာမူကြမ်း ရေးဆွဲပြီးဖြစ်ကာ ညီလာခံခေါ်ယူ၍ အတည်ပြုသွားမည်
ဧပြီလ ၁၃ ရက်၊ ၂၀၂၅။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ ချင်းချာတာမူကြမ်းကို ရေးဆွဲပြီးစီးပြီးဖြစ်ကာ မကြာသောကာလအတွင်းတွင် ညီလာခံခေါ်ယူ၍ အတည်ပြုသွားမည်ဖြစ်ကြောင်း ICNCC ၏ (၄)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့် ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော ပြည်နယ်ကိုယ်စားပြု အတိုင်ပင်ခံကောင်စီတစ်ခု ဖြစ်သည့်အပြင် ဖက်ဒရယ်ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအစီအမံ၊ အခန်း(၈) ပုဒ်မ (၅၂) အရ ချင်းပြည်အရေး ကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်သည့် ကောင်စီဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ချင်းညီနောင် (Chin Brotherhood) အဖွဲ့နှင့် နိုင်ငံရေး၊ စစ်ရေးတွင် အတူပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ပြန်လည်၍ အစုအဖွဲ့ (၇) ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းကာ ချင်းချာတာမူကြမ်းကိုလည်း ရေးဆွဲခဲ့ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူ၍ အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ချင်းညီနောင် (Chin Brotherhood) အဖွဲ့သည် လက်ရှိတွင် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကာ ICNCC/CB သည် မဟာမိတ်များနှင့်ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချင်းလူမျိုးများသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အတူတကွ တိုက်ပွဲဝင်ကြသည် ဖြစ်သည့်အတွက် ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်ကို တိုက်ထုတ်ရာတွင် အငြင်းပွားဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန် အထူးတိုက်တွန်းထားပြီး တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသည့် မည်သည့် အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ်မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ အတင်းအမ္မဖြင့် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည်လည်း ချင်းပြည်အတွင်း လုံးဝဆောင်ရွက်ကျင်းပနိုင်မည်မဟုတ် သကဲ့သို့ ချင်းပြည်သူများသည်လည်း ဤကဲ့သို့သော စကစ၏ ကြိုးစားမှုများတွင် ပါဝင်ခြင်း၊ ထောက်ခံ ပံ့ပိုးခြင်းများ မလုပ်ဆောင်ကြရန် ကြိုတင် သတိပေးအပ်ကြောင်း ICNCC/CB က ထုတ်ပြန်ထားသည်ကို သိရသည်။
တူမီးနှင့်စခဲ့ကြသည့် ချင်းလူထုတော်လှန်ရေးသည် အောင်ပွဲများဆက်တိုက် ရရှိနေပြီး ချင်းပြည်တစ်ခွင်လုံး စစ်အာဏာရှင်ကျဆုံး၍ ချင်းတစ်ပြည်လုံးလွတ်မြောက်ရန် လက်တကမ်းသာလိုတော့သည့်အချိန်သို့ ရောက်ရှိ နေပြီလည်းဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီသည် သွေးရူးသွေးတန်းဖြင့် ချင်းပြည်အပါအဝင် တစ်နိုင်ငံလုံးတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးများအတွက် အလေးအနက်ရှုပ်ချကြောင်း ထုတ်ပြန်ထားသည်။
စစ်အာဏာရှင် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး တိုက်ပွဲများအတွင်း အသက်နှင့်ခန္ဓာပေးဆပ်ခဲ့ကြသည့် သူရဲကောင်းများအတွက်လည်း ဝမ်းနည်းကြေကွဲစွာဖြင့် လေးစားဦးညွှတ်အပ်သည်နည်းတူ ရာထူးအဆောင်အယောင်နှင့် ရပိုင်ခွင့်များကိုစွန့်လွတ်ပြီး အခက်အခဲ ပေါင်းဆုံကြားမှ ယနေ့အချိန်ထိ ဆက်လက်၍ ကြံ့ကြံ့ခံတော်လှန်နေကြသော CDM များ၊ စစ်အာဏာရှင် စနစ်အမြစ်ပြုတ်ရန် နည်းလမ်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသည့် တော်လှန်ပြည်သူများနှင့် ထောက်ပို့ ပြည်သူများအားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း သိရသည်။
ICNCC/CB သည် ပြည်သူကို မျက်နှာမူသည့်နည်းနာများဖြင့် လိုလားတောင့်တလျက်ရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို အရောက်ချီတက်နိုင်မည်ဖြစ်ကာ ကျန်ရှိနေသေးသည့် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်ရေးအတွက် ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် ချင်းလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ ဖြစ်သည့် CDF – Mindat ၊ CDF – Matupi ၊ CNO/ CNDF ၊ CDF – Kanpetlet ၊ PDF – Zoland ၊ MTC/ MDF တို့ဖြင့် စုစည်းထားသည့် ချင်းညီနောင်အဖွဲ့နှင့်အတူဖြစ်ကြောင်း သိရသည်။
သတင်း – James Roe