စစ်ကောင်စီလွတ်ငြိမ်းခွင့် နိုင်ငံရေးအကျဉ်းသားများ မပါဝင်

စစ်ကောင်စီလွတ်ငြိမ်းခွင့် နိုင်ငံရေးအကျဉ်းသားများ မပါဝင်

ဧပြီလ ၁၇ ရက်၊ ၂၀၂၅။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦးကို ယနေ့ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီလ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကြေညာသော်သည်း နိုင်ငံရေးအကျဉ်းသားများမပါဝင်ကြောင်း သိရသည်။

ယနေ့လွတ်ငြိမ်းခွင့်ပေးသည့် အကျဉ်းသားများသည် ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်  ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက် (ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ် ချမှတ်ခြင်းခံရပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်းနှင့် နောက်တကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အကျဉ်း ထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းချက် ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအ‌ပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၉၀၃၀ ဦးရှိပြီး ထိုအထဲတွင် ၂၂၁၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *