မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဧပြီလ ၁၇ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူနေအိမ် ၇ လုံး ပျက်စီးသွားကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့ပေါ် တစ်နေရာကို ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်း ၅ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် ပေါင် ၂၅၀ ဗုံးဟု ယူဆရသည့် ဗုံး ၂ လုံးဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လူနေအိမ် ၇ လုံးခန့် ပျက်စီးသွားပြီး ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် မင်းတပ်မြို့ကို မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေပြီး ဧပြီလ ၁၃ ရက်နေ့တွင် မင်းတပ်မြို့မနှစ်ခြင်းဘုရားကျောင်း ပျက်စီးခဲ့ပြီး မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကိုလည်း ဧပြီလ ၉ ရက်နေ့တွင် အကြဖမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ခရစ်ယာန်ဓမ္မဆရာတပါးနှင့်အတူ ကလေးနှစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မင်းတပ်မြို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ချင်းညီနောင်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းယူခဲ့ပြီး အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe