ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့က ချင်းရိုးရာသေနတ်များ ကိုင်ဆောင်ခွင့် တားမြစ်
ဧပြီလ ၁၈ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့က ဒေသခံပြည်သူများ၏ ရိုးရာတူမီး၊ ခါးချိုးနှင့် လေသေနတ်တို့ကို ကိုင်ဆောင်ခွင့်ပိတ်ပင်ထားကြောင်း ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ဒေသခံ သတင်းအရင်း အမြစ်မှ သတင်းပေးပို့ချက်အရ သိရသည်။
ပလက်ဝမြို့နယ်တွင်ရှိသည့် ကျေးရွာများတွင် အေအေ၏ အုပ်ချုပ်ရေးအဖွဲ့က ဒေသခံပြည်သူများ၏ ချင်းရိုးရာ ဖြစ်သည့် အမဲလိုက်ရာတွင် အသုံးပြုသော ရိုးရာတူမီးသေနတ်၊ ခါးချိုးသေနတ်နှင့် လေသေနတ် တို့ကို ပြီးခဲ့သည့် မတ်လမှစ၍ သိမ်းဆည်းလိုက်ပြီး လက်နတ်ကိုင်ဆောင်ခွင့် တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။
“အေအေတွေက ရွာတိုင်းရွာတိုင်းမှာ မနှစ်က(၂၀၂၄ ခုနှစ်) သေနတ်လိုင်စင်လုပ်ဖို့ စာပို့တယ်။ လိုင်စင်မလုပ်ရင် သေနတ်မကိုင်ရဘူးလို့လည်း အမိန့်ထုတ်ထားတယ်။ သူတို့အဲလိုအမိန့်ထုတ်တော့ ရွာတိုင်းက သေနတ်ရှိတဲ့ ပြည်သူတွေက သေနတ်လိုင်စင် သွားလုပ်ကြတယ်။ သေနတ်လည်း အသိမ်းမခံနိုင်သလို အရေးယူတာလည်း ဘယ်ခံချင်ကြလဲ။ ဒီလိုလိုင်စင်ခံပြီးတာတောင် ခုနောက်ပိုင်းမှာ အေအေတွေက သေနတ်ကို ပြန်အပ်ဖို့ ပြောလာ တယ်။ မအပ်တဲ့သူတွေကိုလည်း အရေးယူဖို့လည်း ပြောတယ်။ ဘာဖြစ်လို့ သူတို့က အဲလိုလုပ်တာလည်း မသိ ဘူး။ ခုတစ်မျိုး နောက်တစ်မျိုး အမျိုးမျိုးလုပ်နေကြတာပဲ…” ဟု ဒေသခံ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်အတွင်း အေအေတပ်ဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ချင်းရိုးရာ အမဲလိုက်သေနတ်များကို လိုင်စင်ပြုလုပ်ရမည်ဟု အမိန့်စာထုတ်ပြန်ခဲ့ပြီး လိုင်စင်မပြုလုပ်လုပ်သည့် သေနတ်များကို ကိုင်ဆောင်ပါက အေအေ၏ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး ပလက်ဝဒေသခံ ပြည်သူများသည် အေအေတပ်ဖွဲ့ထံ သေနတ်နှင့် ကိုင်ဆောင်ခွင့်လိုင်စင်ကို မဖြစ်မနေပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရ သည်။
ဒေသခံပြည်သူများသည် မိမိတို့၏ ချင်းရိုးရာသေနတ်များကို အေအေထံတွင် လက်နတ်ကိုင်ဆောင်ခွင့်နှင့် သေနတ်များကို လိုင်စင်ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ် ၂၀၂၅ ခုနှစ် မတ်လမှစ၍ မည်သည့် သေနတ် အမျိုးအစားမျှ ကိုင်ဆောင်ခွင့်မပေးတော့ပဲ သိမ်းဆည်း ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe
Photo by Salai Binjamin
ဓါတ်ပုံ – အေအေတပ်ဖွဲ့ထံတွင် လိုင်စင်ပြုလုပ်၍ အမှတ်အသားတံဆိပ်ရိုက်နှိပ်ထားသည့် ချင်းရိုးရာသေနတ်ပုံ။