မင်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကောင်စီ စစ်ကြောင်းကို ACDF နှင့် မဟာမိတ်အဖွဲ့က တိုက်ခိုက်
ဧပြီလ ၁၈ ရက်၊ ၂၀၂၅။
မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်၊ မုံရွာ လမ်းဘေးတလျောက်ရှိ ကျေးရွာများနှင့် ပြည်သူများကို စစ်ကြောင်းထိုးကာ တိုက်ခိုက်မှုများပြုလုပ်လာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ ACDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မင်းလှမြို့နယ်အတွင်း ကပစမှ အင်အားစုဖွဲ့၍ ရပ်ရွာများသို့ ဧပြီလ ၁၂ ရက်နေ့မှစ၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဧပြီလ ၁၄ ရက်နေ့တွင် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထက်မင်းလှ)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တို့က ပူးပေါင်း ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၀ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။
ထိုနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းများကို လက်ခံပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် မင်းလှမြို့နယ် ရှမ်းတပ်ကြီးတိုက်နယ်ရဲစခန်းကိုလည်း သတိပေးဟန့်တား တိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ စစ်ဆင်ရေးတာဝန်များ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် မင်းလှမြို့နယ်အတွင်း ပုသိမ်၊ မုံရွာ လမ်းဘေးတလျှောက်ရှိ ကျေးရွာများကို မြေပြင်စစ်ကြောင်းများ၊ ဒရုန်းများဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ရပ်သူရွာသားများ၏ ပိုင်ဆိုင်မှုများကိုလည်း အဓမ္မသိမ်းပိုက်ခြင်း၊ ပေါ်တာဆွဲကာ ငွေကြေးဖြင့် ပြန်လည်ရွေးယူစေခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်နေကြပြီး တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူလူထုကိုကာကွယ်ရင်း အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။
ညီနောင်မဟာမိတ် ပြည်သူ့ကာကွယ်ရေး အင်အားစုများအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ ဒုက္ခဆင်းရဲဟူသမျှကို အဆုံးထိမျှဝေခံစား၊ ကာကွယ်စောင့်ရှောက်ရင်း တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe