လောင်တလိုင်မြို့တွင် စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းကမ်းချက် ၁၁ ချက် ထုတ်ပြန်
ဧပြီလ၊ ၁၈ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ Chanmary ရပ်ကွက်အတွင်းနေထိုင်သည့် စစ်ဘေးရှောင်များကို လိုက်နာရ မည့် စည်းကမ်းချက် ၁၁ ချက်ကို လိုင်လူငယ်အဖွဲ့အစည်း Young Lai Association – YLA က ဧပြီလ ၁၇ ရက်နေ့ တွင် ထုတ်ပြန်လိုက်ကြောင်း စစ်ရှောင်များထံမှ သိရသည်။
ထုတ်ပြန်ချက်ထဲတွင် လက်ရှိ Chanmary ရပ်ကွက်အတွင်း နေထိုင်ကြသည့် စစ်ဘေးရှောင်စာရင်းများကို ပြုစု လျက်ရှိပြီး အဆိုပါစာရင်းထွက်ရှိပြီးနောက် စစ်ဘေးရှောင်စာရင်းတွင် မပါသူများအနေဖြင့် ၇ ရက်အတွင်း YLA ထံ နေရပ်လိပ်စာအပြည့်အစုံနှင့် သတင်းပေးပို့ရမည်ဖြစ်ပြီး နောက်ဆုံးစာရင်းထွက်ပြီးနောက် နောက်ထပ် စစ်ဘေးရှောင်အသစ်များ Chanmary ရပ်ကွက်တွင် နေထိုင်ခွင့်မရှိတော့ကြောင်း ပါရှိသည်။
Chanmary ရပ်ကွက်အတွင်းနေထိုင်ကြသည့် စစ်ဘေးရှောင်များအနေဖြင့် မေလ ၁၅ ရက် မတိုင်မီ ယာယီမှတ်ပုံ တင်ကဒ် ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ ယာယီမှတ်ပုံတင်ကဒ် မရှိသူများအနေဖြင့် ရပ်ကွက်အတွင်း နေထိုင်ခွင့် မရှိကြောင်း၊ ယာယီမှတ်ပုံတင်ကဒ်လုပ်ပုံလုပ်နည်းကို YLA က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
စစ်ဘေးရှောင်များသည် မူးယစ်ဆေးဝါးနှင့် ကင်းရှင်းရမည်ဖြစ်ပြီး မူးယစ်ဆေးကြောင့် ပြဿနာဖြစ်ပါက YLA နှင့်မသက်ဆိုင်ကြောင်း၊ စစ်ဘေးရှောင်များအနေဖြင့် အိန္ဒိယနိုင်ငံသားမှတ်ပုံတင် ရပိုင်ခွင့်မရှိ၊ မှတ်ပုံတင်ရှိသူများ ကိုလည်း စုံစမ်းသွားမည်ဖြစ်ပြီး အဆိုပါမှတ်ပုံတင်အား ပြုလုပ်ပေးခဲ့သည့် တာဝန်ရှိသူများကိုပါ ဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များအနေဖြင့် ယာဉ်ပိုင်ဆိုင်ခွင့်မရှိကြောင်း၊ 125 ဆိုင်ကယ်အမျိုး အစားများစီး၍မရကြောင်းနှင့် ည ၁၀ နောက်ပိုင်း အပြင်ထွက်၍မရကြောင်း ဖော်ပြထားသည်။
Chanmary ရပ်ကွက်အတွင်းတွင် ရှိနှင့်ပြီးသား စစ်ရှောင်စခန်း ၂ ခုနှင့် ယာယီစခန်း ၁ ခုတို့အပြင် နောက်ထပ် စစ် ရှောင်စခန်းများ ဆောက်လုပ်ခွင့်မရှိတော့ကြောင်း၊ ရပ်ကွက်အတွင်း သေနတ်ကိုင်ဆောင်ခွင့်မရှိကြောင်း၊ အခြား သူများ၏ သေနတ်ကိုငှားရမ်း၍ တောလည်ခွင့်မရှိကြောင်း၊ စစ်ဘေးရှောင်များအနေဖြင့် အလုပ်လုပ်မည်ဆိုပါက နေ့စားဖြင့်သာ လုပ်ကိုင်၍ရကြောင်း၊ လုပ်ငန်းတစ်ခုကို အပိုင်ယူ၍မရကြောင်း၊ စစ်ရှောင်များအနေဖြင့် မိမိငှား ရမ်းထားသည့် အိမ်နှင့်စစ်ရှောင်စခန်းများတွင် ဆိုင်းဘုတ်များပြုလုပ်၍ စစ်ဘေးရှောင်များဖြစ်သည်ကို မြင်သာ အောင် ကပ်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ဘေးရှောင်မဟုတ်သည့် နိုင်ငံခြားသားများအနေဖြင့် ရပ်ကွက်အတွင်း အိမ်ငှားပိုင်ခွင့်မရှိကြောင်း၊ နိုင်ငံခြား သား အိမ်ဌားသူများရှိပါက YLA က မောင်းထုတ်သွားမည်ဖြစ်ပြီး အိမ်ပိုင်ရှင်က တားပိုင်ခွင့်မရှိကြောင်း ထုတ်ပြန် ကြေငြာထားသည်။
YLA က အထက်ပါ စည်းကမ်းချက်များ ထုတ်ပြန်ခြင်းသည် စစ်ရှောင်များကို ကဲ့ရဲ့သည့်အနေဖြင့် ထုတ်ပြန်ခြင်း မဟုတ်ကြောင်းနှင့် ယဉ်ကျေးမှုမတူညီသည့်အတွက် နောက်နောင်ပြဿနာများ ဖြစ်မလာရန်အတွက် ကြိုတင် ကာကွယ်သည့်အနေဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် လောင်တလိုင်မြို့ပေါ်နှင့် မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးတွင် အများအားဖြင့် ချင်းပြည်မှ ချင်းလူမျိုး များစွာ စစ်ရှောင်ရန်ရောက်ရှိခိုလှုံနေကြရပြီး ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးမှ စည်းကမ်း ချက်များကို စစ်ရှောင်များအတွက် ထုတ်ပြန်လာသည်မှာ စစ်ရှောင်များအတွက် များစွာအခက်တွေ့စေသည့် ကိစ္စဖြစ်ကာ ယခုကဲ့သို့ အဖွဲ့အစည်းသဘောဖြင့် ထုတ်ပြန်ချက်ထုတ်ပြန်သည်ထက် စစ်ရှောင်ပြည်သူများနှင့် တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေး၍ အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုလျှင် ပိုမိုကောင်းမွန်သည့် ရလာဒ်ကို ရရှိလာမည်ဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်နေသူတစ်ဦးမှ ပြောဆိုထားသည်။
သတင်း – James Roe