ပလက်ဝဒေသခံများအား ဧည့်စာရင်းတိုင်ကြားစေခြင်းနှင့် အသွားအလာ ကန့်သတ်ထိန်းချုပ်မှုများ အေအေ ပြုလုပ်

ပလက်ဝဒေသခံများအား ဧည့်စာရင်းတိုင်ကြားစေခြင်းနှင့် အသွားအလာ ကန့်သတ်ထိန်းချုပ်မှုများ အေအေ ပြုလုပ်

ဧပြီလ ၁၉ ရက်၊ ၂၀၂၅။

ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပလက်ဝဒေသခံပြည်သူများကို တစ်ရွာနှင့်တစ်ရွာ သွားလိုလျှင် အေအေအုပ်ချုပ်ရေးအဖွဲ့ထံ ထောက်ခံစာတောင်းယူပြီး ခွင့်ပြုချက်ရရှိမှသာလျှင် ခရီးသွားလာခွင့်ပြုပြီး ရက် အကန့်အသတ်ဖြင့်သာ ခရီးသွားရမည်ဖြစ်ကြောင်း တင်းကြပ်မှုများ ပြုလုပ်လာနေသည်ကို ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ဒေသခံများထံမှ သတင်းပေးပို့ချက်အရ သိရသည်။

ထို့အပြင် အေအေခန့် အုပ်ချုပ်ရေးမှူးထံတွင် မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ပြီး ပျက်ကွက်ပါက အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ထားကြောင်းနှင့် အေအေတပ်ဖွဲ့က ကျေးရွာများတွင် သူစိမ်း အဝင်/အထွက်ကို စောင့်ကြပ်နေပြီး သင်္ကာမကင်းပါက အိမ်ထဲတွင်ဝင်ရောက်ကာ စိတ်ကြိုက်ရှာဖွေ မွှေနှောက် မှုများ ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“အေအေတွေက ရွာထဲမှာ CDF တွေရောက်နေတာ သတင်းရတယ်ဆိုပြီး ရွာမှာရှိတဲ့ အိမ်တိုင်း တစ်ခုမကျန် တစ်အိမ်တက် တစ်အိမ်ဆင်း သူတို့ကြိုက်သလို ရှာခဲ့တယ်။ ပြီးတော့ ရွာသူ/သားတွေကို အော်ဟစ်ခြိမ်းခြောက် ပြောဆိုတာတွေလည်း လုပ်ခဲ့တယ်၊ ကျွန်တော်တို့က ကြောက်တော့ သူတို့ကိုဘာမှ ပြန်မပြောရဲဘူ…” ဟု ဒေသခံ တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

ခရီးသွားလိုပါက အေအေခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာတောင်းယူရပြီး ဘယ်နှစ်ရက် ခရီးသွားမည်ကို ရက်အတိအကျဖြင့် အသွားအပြန် ကြာမည့်ရက်ကိုပြော၍ ထောက်ခံစာတောင်းယူရသည့်အပြင် ကျေးရွာထဲတွင် ဧည့်သည်ရောက်ရှိလျှင် ရက်မည်မျှနေထိုင်မည်ကို အေအေခန့် အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်း တိုင်ရန် တည်းခိုသည့် အိမ်ရှင်က နာမည်စာရင်းနှင့် လက်မှတ်ထိုးရပြီး ဧည့်စာရင်းတိုင်ခြင်း  နောက်ကျလျှင် လည်း ဒဏ်ငွေဆောင်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဧည့်သည်က ညဘက်ရောက်တာ၊ ရောက်တာလည်း နောက်ကျပြီးတော့ ညနက်မှ ရောက်တဲ့အတွက် အဲဒီညမှာ အိမ်ရှင်က ဧည့်စာရင်း မတိုင်မိလိုက်ဘူး၊ ဒါပေမယ့် မနက်ဘက်မှာ အုပ်ချုပ်ရေးမှူးဆီကို ဧည့်စာရင်းသွားတိုင်‌ တော့ ရောက်ရောက်ချင်း ဧည့်စာရင်းမတိုင်ရကောင်းလားဆိုပြီး ဒဏ်ငွေဆောင်ခိုင်းတယ်၊ အေအေတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အမိန့်ထဲမှာတော့ ဧည့်စာရင်းမတိုင်ရင် ဒဏ်ငွေဆောင်ရမယ်လို့ပဲ ပါတယ်။ သူတို့ထုတ်ထားတဲ့ ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူးလေ။ လိုက်နာနေတာပဲ။ နောက်ကျလို့ ဧည့်စာရင်း မတိုင်မိတာလေးကို အာဏာပြပြီး ဒဏ်ငွေဆောင်ရတော့ မကောင်းဘူး၊ သူတို့ ကြိုက်သလို လုပ်နေကြတာပဲ။ ဘာမှ စောဒက တက်လို့မရဘူး၊ ပြန်ပြောရင် ဒေသခံပြည်သူတွေပဲ ပိုပိုပြီးတော့ ခံရတာပဲ…” ဟု ကုလက်ချောင်းရှိ ကျေးရွာ တစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ထို့အပြင် အေအေထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် အေအေတပ်ဖွဲ့သည် ဒေသခံပြည်သူ များကို CDF တွင် သင်တန်းတက်ထားသူများ၊ CDF နှင့် အဆက်အသွယ်ပြုလုပ်သူများ၊ CDF ထောက်ပံ့သူများကို သံသယဖြင့် ခေါ်ယူစစ်ဆေးခြင်းများနှင့် ချုပ်နှောင်ထားမှုများ ပြုလုပ်နေကြပြီး ရပ်ရွာများအတွင်းတွင် CDF များ အဝင်အထွက် ရှိ/မရှိကိုလည်း မပြတ်စောင့်ကြည့်နေကြကြောင်း သိရသည်။

သတင်း – James Roe

Photo by Salai Binjamin
ဓါတ်ပုံ – ပလက်ဝမြို့နယ်မှ ကုလက်ချောင်းတစ်နေရာပုံ။

Leave a Reply

Your email address will not be published. Required fields are marked *