ပလက်ဝမြို့ပေါ်ရှိ လူနေအိမ်တချို့တွင် ရခိုင်ပြည်ဘက်မှ ရွှေ့ပြောင်းလာသူများ နေထိုင်လျက်ရှိ

ပလက်ဝမြို့ပေါ်ရှိ လူနေအိမ်တချို့တွင် ရခိုင်ပြည်ဘက်မှ ရွှေ့ပြောင်းလာသူများ နေထိုင်လျက်ရှိ

ဧပြီလ ၂၀ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့ပေါ်ရှိ လူနေအိမ်တချို့တွင် ရခိုင်ပြည်နယ်ဘက်မှ ရွှေ့ပြောင်းလာသူများကို နေထိုင်ခွင့်ပြု ထားကြောင်း ဧပြီလ ၂၀ ရက်နေ့ဒေသခံသတင်းပေးပို့ချက်အရ သိရသည်။

ပလက်ဝမြို့ပေါ်ရှိ မြို့သူ/သားများမှာ ဒေသတွင်းစစ်ပွဲကြောင့် ပြည်မဘက်သို့ ခေတ္တတိမ်းရှောင်နေကြရပြီး ပလက်ဝမြို့သူ/သားများ၏ လူမရှိသည့်နေအိမ်များတွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းလာသူများက ပိုင်ရှင်ခွင့် မပြုဘဲ နေထိုင်နေကြပြီး အိမ်ပိုင်ရှင်နှင့်ဆက်စပ်သူများက မနေထိုင်ကြရန်ပြောဆိုသော်လည်း အေအေ၏ အထက်အမိန့်အရ နေထိုင်ခွင့်ပြုထားခြင်းဖြစ်သည်ဟုဆိုကာ ဖယ်မပေးဘဲ ဆက်၍နေထိုင်မြဲနေထိုင်ကြကြောင်း သိရသည်။

“ပလက်ဝမှာ တိုက်ပွဲဖြစ်တော့ မြို့ခံတော်တော်များများက ထွက်ပြေးကြရတယ်။ တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ဆိုလည်း အေအေတွေက ပလက်ဝမြို့ပေါ်မှာရှိနေတော့ မြို့သူ/သားတွေလည်း တဖြည်းဖြည်းနဲ့ ပြည်မဘက်ကို ပြောင်းတာတွေ လုပ်ကြတယ်။ သူတို့ရဲ့အိမ်တွေကို သော့ခတ်ပြီးတော့ အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေဆီကို အိမ်ကိုကြည့်ရှုဖို့ အပ်ထားပြီး သွားကြတာ…” ဟု ပလက်ဝမြို့ခံတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

“အိမ်တွေထားခဲ့ပြီးတော့ သွားတယ်ဆိုပေမယ့် ပြန်လာမှာပဲလေ။ အိမ်ရှင်တွေက နီးစပ်ရာကို အပ်ထားခဲ့တာပဲ။ အိမ်တွေမှာ လူမရှိဘူးဆိုတိုင်း အဆင်သင့်တက်နေကြတာတော့ မကောင်းဘူးလေ။ ကိုယ့်အိမ်လည်းမဟုတ်။ ကိုယ့်ပစ္စည်းလည်းမဟုတ်ပဲ သူတို့မို့ ထိရဲကိုင်ရဲ၊ နေထိုင်ရဲကြတယ်။ အေအေတွေကလည်း ဒါကို လွယ်လင့်တကူ ခွင့်ပြုတာကတော့ မဟုတ်သေးပါဘူး။ စစ်ကောင်စီနဲ့ဆက်စပ်လို့ ချိတ်ပိတ်ထားတဲ့ အိမ်တွေမှာ နေခိုင်းတယ် ဆိုရင်တော့ ဒါက သဘာဝကျပါတယ်၊ ဘာမှမပြောလိုဘူး။ ခုဟာက အိမ်ရှင်က စစ်ရှောင်ရင်းအဝေးမှာရောက် နေတဲ့လို့ ခုလောလောဆယ် လူမရှိပဲဖြစ်နေတဲ့ အိမ်တွေမှာ နေဖို့ခွင့်ပြုတာရော၊ နေထိုင်နေတာတွေရော ဒါက မဖြစ်သင့်ဘူး…” ဟု ပလက်ဝမြို့ခံ တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

ဆမီးမြို့တွင်လည်း စစ်ရှောင်သူများ၏ နေအိမ်အလွတ်တွင် အေအေခွင့်ပြုချက်ဟုအကြောင်းပြ တက်နေသူများ ရှိကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရသိရပြီး အေအေခွင့်ပြုချက်ဖြင့် ပိုင်ရှင်မသိဘဲနေထိုင်သည့် နေအိမ်အရေအတွက်ကိုမူ တိတိကျကျ မသိရ‌ပေ။

သတင်း- James Roe

Photo by Salai Benjamin

ဓါတ်ပုံ – ပလက်ဝမြို့ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *