မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဖြစ်၍ တမူးမြို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်မည်

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဖြစ်၍ တမူးမြို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်မည်

ဧပြီလ ၂၁ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တမူးဒေသတွင် တမူးခရိုင်ကာကွယ်ရေးအင်အားစုများမှ မြို့သိမ်းတိုက်ပွဲဆင်နွဲမည် ဖြစ်သည့် တွက် စစ်ရေးအခြေနေကြောင့် အများပြည်သူများနှင့် ကုန်သည်များ၊ ကားသမားများ၊ ကယ်ရီသမားများအား ဧပြီလ ၂၀ ရက်နေ့မှစပြီး မည်သည့်ကုန်ပစ္စည်းများကိုမဆို တမူးမြို့နှင့် အိန္ဒိယဘက်ခြမ်းမှ သယ်ယူခွင့် ပြုတော့ မည် မဟုတ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များမှ အသိပေးထုတ်ပြန်ထားကြောင်း ဒေသခံသတင်းအရင်း အမြစ်မှ သိရသည်။

ကုန်စည်စီးဆင်းမှုတားဆီးပိတ်ပင်ရာတွင် စားကုန်၊ သုံးကုန်မကဘဲ ကုန်ပစ္စည်းများအားလုံးကို ပိတ်ထားမည် ဖြစ်သကဲ့သို့ စစ်ကောင်စီလက်ထဲရှိ ရိက္ခာနှင့် အခြားကုန်ပစ္စည်းများ ရောက်ရှိမသွားရန် တားဆီးဖြတ်‌တောက် ချင်သည့်အတွက် မြို့ခံပြည်သူများအနေနှင့် စားဝတ်နေရေး ပြေလည်စေရန် စိုးမိုးနယ်မြေတွင် သွားရောက် ခိုလှုံလုပ်ကိုင်ကြရန် တော်လှန်ရေးနှင့် နီးစပ်သူ၏ ပြောပြချက်ကို ကိုးကားဖော်ပြသည့် သတင်းအရင်းအမြစ်မှ သိရသည်။

“စကစထိန်းချူပ်နယ်မြေအတွင်းမှာ လောလောဆယ် တမူးမြို့သိမ်းအစီအစဉ်ရှိပါတယ်။ ‌အဲဒီကာလမှာ မိဘ ပြည်သူတွေအနေနဲ့ တမူးမြို့မှာနေဖို့ မသင့်ဘူးပေါ့နော်။ စိုးမိုးနယ်မြေဘက်ထွက်ပြီး အလုပ်လုပ်ကြဖို့ လိုမယ်။ စစ်ဆင်ရေးအတွင်း မြို့ပေါ်မှာ ပြည်သူမကျန်ဖို့ လိုတယ်။ မြို့သိမ်းပြီးခါမှဘဲ လွတ်လွတ်လပ်လပ် ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်လာမှာပါ။ ပြည်သူတွေအနေနဲ့ လောလောဆယ် သည်းခံပေးကြပါ…” ဟု တော်လှန်ရေးသတင်း အရင်းအမြစ်တစ်ခု၏ ပြောပြချက်အရ သိရသည်။

တမူးမြို့နယ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့က မင်းသာကျေးရွာနှင့် ကျွန်းပင်သာကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ အခိုင်အမာ တပ်စွဲထားသည့်စခန်းကို တမူးခရိုင် တော်လှန်ရေးအင်အားစုများ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း တမူးပန်းသာ စစ်ကောင်စီအထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ ယနေ့ထိ နှစ်ဘက်စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

သတင်း – အားသစ်

Leave a Reply

Your email address will not be published. Required fields are marked *