CDF – Hakha က  ဟားခါးမြို့သိမ်းစစ်ဆင်ရေးအတွက် ဖိတ်ခေါ်

CDF – Hakha က  ဟားခါးမြို့သိမ်းစစ်ဆင်ရေးအတွက် ဖိတ်ခေါ်

ဧပြီလ ၂၄ ရက်၊ ၂၀၂၅။

ချင်းပြည် ဟားခါးမြို့သိမ်းစစ်ဆင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဟားခါးမြို့နယ်က လူငယ်များအားလုံး စစ်သင်တန်း တက်ရောက်လာကြရန် CDF – Hakha က ဖိတ်ခေါ်ကြောင်း သိရသည်။

ဟားခါးမြို့တွင်ရှိသည့် ခလရ ၂၆၆ တပ်ရင်းနှင့် မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅ ခုနှစ်အတွင်း ဆင်နွှဲနိုင်ရန် CDF – Hakha သည်လိုအပ်သော လူအင်အား၊ လက်နက်အင်အား၊ ပြည်သူ့ရေးရာ ကိစ္စရပ်များ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဟားခါးမြို့နယ်က လူငယ်များအနေဖြင့် မိမိတို့ရောက်ရှိနေသည့်နိုင်ငံမှ ပြန်လာ၍ ပါဝင်ဆက်ကပ်ကြရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးသည် လူတိုင်း၏တာဝန်ဖြစ်ပြီး လူငယ်များအားလုံး‌အနေဖြင့် ဟားခါးမြို့သိမ်းတိုက်ပွဲ တွင် ကိုယ်တိုင်ပါဝင်လာကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိ သား၊ သမီးများကို တိုင်းပြည်နှင့် လူမျိုး လွတ်မြောက်ရေးအတွက် ပါဝင်နိုင်ရေးကို အားပေးပံ့ပိုးပေးကြရန် CDF – Hakha က ထုတ်ပြန်ထားကြောင်း သိရသည်။

စစ်သင်တန်းတက်ရောက်မည့် လူငယ်များအနေဖြင့် CDF – Hakha တပ်ဖွဲ့ထံတွင် အချိန်ပြည့်တပ်ဖွဲ့ဝင် ( Active Force) အဖြစ် တာဝန်ထမ်းဆောင်နိုင်သကဲ့သို့ ဟားခါးမြို့နယ် အရံတပ်ဖွဲ့သင်တန်း တက်ရောက်ပြီး‌နောက် အိမ်ပြန်အနားယူကာ စစ်တိုက်ရန်လိုအပ်သည့်အချိန်တွင် လာရောက်တိုက်ပွဲဝင်မည့် အရံတပ်ဖွဲ့ဝင် ( Reserve Force) အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် လျှောက်ထားနိုင်ပြီး အရံတပ်ဖွဲအဖြစ် နာမည်စာရင်းပေးသွားထားရန် ထုတ်ပြန်ချက်တွင် ပါရှိသည်ကို သိရသည်။

CDF – Hakha အနေဖြင့် လူငယ်များကို အတင်းအဓမ္မခိုင်း‌စေကာ စစ်သင်တန်းတက်ရောက်စေခြင်းမျိုး မဟုတ်ဘဲ မိမိသဘောဆန္ဒ၊ မိမိဆုံးဖြတ်ချက်ဖြင့်သာ ပါဝင်ဆက်ကပ်စေချင်ကြောင်း၊ သို့သော်လည်း ထိုသို့ပါဝင်လာသူမရှိပါက မဖြစ်မနေ တက်ရောက်‌စေရမည့် အခြေအနေလည်း ဖြစ်လာနိုင်ကြောင်း CDF – Hakha တာဝန်ရှိသူထံမှ သိရသည်။

တူမီးသေနတ်စွဲကိုင်၍ စစ်အာဏာရှင်စနစ်ကို စတင်တော်လှန်ခဲ့သည်မှာ ချင်းပြည်နယ်တွင် ဟားခါးမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့နှင့် ခိုင်ကမ်းမြို့ စသည့် မြို့ လေးမြို့မှအပ အခြားသော စစ်ကောင်စီအထိုင်ချရာ မြို့ပေါ်နှင့် ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *