CDF – Mindat က ချင်းပြည်တစ်ပြည်လုံးအပြင် တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည်
ဧပြီလ ၂၄ ရက်၊ ၂၀၂၅။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် CDF – Mindat ၏ တော်လှန်ရေး ၄ နှစ်ပြည့်တွင် ချင်းပြည်တခုလုံးသာမက တနိုင်ငံလုံး လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမည်ဟု ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွမ်ဖေက ပြောကြားသည်ကို သိရသည်။
“ကျနော်တို့ ချင်းညီနောင်က ဆက်လက်ပြီးဖော်ဆောင်မယ့် တီးတိန်စစ်ဆင်ရေး၊ ထိုနည်းတူ ချင်းပြည်မှာ လွတ်မြောက်ဖို့ ကျန်ရှိနေတဲ့ ဟားခါး၊ ထန်တလန်မြို့တွေ လွတ်မြောက်နိုင်ဖို့အတွက် စွမ်းစွမ်းတမံပူးပေါင်း ဆောင်ရွက်သွားပါမယ်။” ဟု ပြောသည်။
တော်လှန်ရေးကာလ အာဏာရှင်တော်လှန်ရေးတွင် အသက်ခန္ဓာပေးဆပ်ကြသည့် ရဲဘော်၊ ဘက်ပေါင်းစုံမှ တော်လှန်နေကြသူများအားလုံးကို လေးစားဂုဏ်ပြုကြောင်း၊ ပြည်သူတွေအနေဖြင့် ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးအင်အားစုများကို ဆက်လက်၍ အားပေးပံ့ပိုးပေးကြရန်နှင့် မိတ်ဆွေကောင်းပီသည့် မဟာမိတ်အင်အားစုအားလုံးကို ကျေးဇူးတင်ရှိပြီး နောက်နောင် နှစ်ဖက်ပြည်သူများ အကျိုးရှိအောင် အပြန်အလှန် ဆက်လက်ပံ့ပိုးပေးသွားနိုင်ရန် လုပ်ဆောင်နေကြောင်း CDF – Mindat စစ်ဦးစီးချုပ်က ပြောကြားသည်ကို သိရသည်။
CDF – Mindat အနေဖြင့် ဒေသတွင်း အာဏာရှင် စနစ်ပပျောက်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးသာမက ချင်းပြည်နှင့် တနိုင်ငံလုံး လွတ်မြောက်ရေးအတွက်ပါ တစ်ထောင့်တစ်နေရာမှ ကြိုးစားပေးဆပ်ရင်း တော်လှန်ရေးခရီးကို ရှေ့ဆက်သွားမယ်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်ဒေသခံများ၏ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြရာတွင် လူငယ် ခုနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ထိုညပိုင်းမှာပင် CDF – Mindat တပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုနေ့ကို တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ကာ ယနေ့သည် ၄ နှစ်ပြည့် တော်လှန်ရေးနေ့ ကျရောက်ကြောင်း သိရသည်။
သတင်း – James Roe