ကလေးတောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ
ဧပြီလ ၂၅ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည့် ကြံသာရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက ပြည်လည်ထိုးစစ်ဆင်မှု ပြုလုပ်လာခြင်းကြောင့် ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ကစ၍ စစ်ရေးပြန်လည်ပြင်းထန်လာနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ကြံသာကျေးရွာတိုက်ပွဲတွင် စစ်ရှုံး၍ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဟံသာဝတီကို နမခ မှ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်ကာ ကြံသာရွာဘက်သို့ ဟံသာဝတီကျေးရွာဘက်မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် အင်အား ၁၅၀၊ ၂၀၀ ဝန်းကျင်ဖြင့် ပြန်လည် ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယမန်နေ့မှစ၍ ယနေ့အထိ တိုက်ပွဲပြင်းထန်နေကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒဏ်ရာရရှိသူများရှိပြီး အကြမ်းဖက်စစ်ကောင်စီ ဘက်ကလည်း အထိအခိုက် အကျအဆုံးများကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်ရှိတွင် အလွယ်တကူ ပြန်ဆုတ်မည့် သဘောမရှိကြောင်းနှင့် ယနေ့တွင် မှန်တောဘက်သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကာ ဟံသာဝတီဘက်မှလည်း လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှုများ ပြုလုပ်နေကြကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းများက CDF KKG Major Operation ဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ခဲ့ပြီး နှစ်လကျော်အကြာတွင် ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)၊ ကြံသာ စသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe