ပလက်ဝမြို့နယ်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ Global Khumi Youth Association (GKYA) မှ သဘောထားထုတ်ပြန်
ဧပြီလ ၂၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ မနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှုနှင့် သတ်ဖြတ်ရန် ကြံစည်မှုဖြစ်ရပ်အပေါ် အလွန်စိုးရိမ်မိကြောင်းနှင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နိုင်ငံတကာခူမီးလူငယ်များအသင်း (Global Khumi Youth Association – GKYA) မှ ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် သဘောထားထုတ်ပြန်ကြောင်း သိရသည်။
ဤအကြမ်းဖက်မှုသည် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေတို့ကို ပေါ်ပေါ်တင်တင် ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်းအမျိုးသမီးများ၏ လုံခြုံမှုနှင့် ဂုဏ်သိက္ခာကိုခြိမ်းခြောက်စေသောလုပ် ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဤအမှုနှင့်ပတ်သက်၍ ၁။ ULA/AA အနေဖြင့်အမှုနှင့်ပတ်သက်၍ လျင်မြန်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ၂။ ကျူးလွန်ခံရသူအတွက်လိုအပ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေအကာအကွယ်နှင့် အခြားလိုအပ်သော အကူအညီများကို ပံ့ပို့ဆောင်ရွက်ရန်၊ ၃။ ကျူးလွန်သူများကို အမည်ဖော်ထုတ်ပြီး ပြည်တွင်း၊ နိုင်ငံတကာဥပဒေများ၏လုပ်ထုံးလုပ်နည်းများ နှင့် အညီ ပွင့်လင်းမြင်သာစွာတရားစွဲအရေးယူ အပြစ်ပေးရန်၊ ၄။ ULA/AAအနေဖြင့်နောက်နောင်တွင် အထူးသဖြင့်အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ပြည်သူ လူထုများ၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လုံခြုံမှုတို့ကိုဆန့်ကျင်သောအကြမ်းဖက်မှုများအားလုံးကို ခြွင်းချက်မရှိ ရပ်ဆိုင်းရန်၊ ၅။ မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှား နေကြသောလူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအစုအဖွဲ့များအနေဖြင့်လည်း ကျူးလွန်ခံရသူ အမျိုးသမီး၏ တရားမျှတမှုရရှိရေးတွင် ဝိုင်းဝန်းကူညီတောင်းဆိုရန် စသည့် အချက်များအတိုင်း ဆောင်ရွက်ပေးရန် အလေးအနက်တောင်းဆိုကြောင်း Global Khumi Youth Association (GKYA) က ထုတ်ပြန်ထားသည်။
Global Khumi Youth Association (GKYA) သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး အမျိုးသားရေးဆိုင်ရာကိစ္စရပ်များကို လူငယ်အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အရည်အချင်းပြည့်ဝသည့် အနာဂါတ်လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်အတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe