ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ
ဧပြီလ ၂၈ ရက်၊ ၂၀၂၅။
ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံသတင်းအမြစ်ထံမှ ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် သိရသည်။
ကလေးနယ်တောင်ပိုင်းရှိ တိုက်ပွဲပြင်းထန်နေသည့် ကြံသာကျေးရွာအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများဖြစ်သည့် နတ်မြောင်း၊ နတ်ချောင်း၊ ငါးဖား၊ အောင်ချမ်းသာ၊ ဟားခါးလေး၊ သံဖို ကျေးရွာများသို့ ဧပြီလ ၂၆ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y 12 လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့မနက်တွင်လည်း ဆေးကုသမှုခံယူနေရင်း နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အားလုံးနီးပါး ပြတ်တောက်နေကာ သတင်းအချက်အလက်ပိုင်းတွင် တိကျစွာသိရှိရန် အခက်အခဲရှိနေပြီး တော်လှန်ရေးတပ်က လေကြောင်းအန္တရာယ် အချက်ပေးရာတွင် လော်စပီကာဖြင့် အော်ကာသတိပေးခြင်းနှင့် ရသည့်နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရသည့် ကျေးရွာများမှ ဒေသခံပြည်သူအမြောက်အများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ထိခိုက်ဒဏ်ရာရရှိနေသည့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ရှိနေကြောင်း သိရသည်။
သတင်း – James Roe