စစ်အာဏာရှင်တော်လှန်ရေး ၄ နှစ်ပြည့် အခမ်းအနား CDF – Paletwa ပြုလုပ်ကျင်းပ

စစ်အာဏာရှင်တော်လှန်ရေး ၄ နှစ်ပြည့် အခမ်းအနား CDF – Paletwa ပြုလုပ်ကျင်းပ

ဧပြီလ ၂၉ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝအခြေစိုက် CDF – Paletwa တပ်ဖွဲ့၏ တော်လှန်ရေး ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် ပြုလုပ်ကျင်းပကြောင်း CDF – Paletwa က ထုတ်ပြန်ထားသည်ကို သိရသည်။

CDF – Paletwa တပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ လက်ရှိတွင် CDF – Paletwa စစ်ဦးစီးချုပ်ကွက်ကဲမှုအောက်တွင် တပ်ရင်း ၄ ခုနှင့် ဌာန ၆ ခု ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ CDF – Paletwa ဟာ ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်မှ စနစ်လွတ်မြောက်ရေး၊ စစ်ကောင်စီ ကင်းစင်ရေးအတွက် ဆက်လက် လက်နတ်ကိုင်တော်လှန်သွားမယ်။ ပြည်သူလူထုဘက်ကလည်း ပူးပေါင်းပါဝင်ပေးကြပါ။ ရှေ့ဆက်ပြီး စစ်အင်အား(တပ်အင်အား၊ လူအင်အား) တည်ဆောက်သွားမယ်။ ချင်းပြည်အတွင်းမှာ ရှိနေသေးတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်သွားမယ်။ ချင်းပြည်အတွင်းမှာရှိတဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်။ ချင်းပြည်နယ်အတိုင်းအတာနဲ့ စစ်ကောင်စီကိုတိုက်ထုတ်ကြတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို စစ်အာဏာရှင် ကင်းစင်ရေး၊ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် လက်တွဲပူးပေါင်းလို့ ဆောင်ရွက်သွားမယ်…” ဟု CDF – Paletwa စစ်ဦးစီးချုပ် Salai Jashua က ခူမီးမီဒီကို ပြောသည်။

CDF – Paletwa သည် ၂၀၂၁ ခုနှစ်မှ စ၍ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အထိ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း Matupi Opration၊ တွန်းဇံ၊ ကျီးခါး စခန်းသိမ်းတိုက်ပွဲ၊ ထန်တလန်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ကာ တိုက်ပွဲဝင်ခဲ့ပြီး တိုက်ပွဲပေါင်း ၃၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲအတွင်း ရဲဘော် ၈ ဦး ကျဆုံးခဲ့ရကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိကြောင်း သိရသည်။

“ပြည်တွင်း/ ပြည်ပမှာရှိတဲ့ ထောက်ပို့တွေကိုရော ပလက်ဝမြို့နယ်မှာရှိတဲ့သူတွေအားလုံးကို ပြောချင်တာက အခုအချိန်အထိ CDF – Paletwa အတွက် အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ပြီးလည်း ချင်းပြည်တစ်ပြည်နယ်လုံး လွတ်မြောက်ဖို့နဲ့ ပလက်ဝနယ်အတွက် တက်နိုင်တဲ့ဖက်ကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ပေးဖို့၊ ငွေကြေးအားဖြင့်၊ အကြံဉာဏ်အားဖြင့်၊ ပညာရှင်အနေဖြင့်၊ လူကိုယ်တိုင်ပါဝင်ခြင်းဖြင့်၊ လက်နက်အင်အားဖြင့် စတဲ့ ကိုယ်တက်နိုင်တဲ့ဖက်ကနေ ကူညီပေးကြဖို့ ပြောချင်ပါတယ်…” ဟု CDF – Paletwa စစ်ဦးစီးချုပ် Salai Jashua က ခူမီးမီဒီကို ပြောသည်။

လက်ရှိတွင် CDF – Paletwa အတွက် သိန်း ၅၀၀၀ ကန်ပိန်းကို ပြုလုပ်နေလျှက်ရှိပြီး ပြည်တွင်း/ ပြည်ပတွင် ရှိသည့် အဖွဲ့အစည်းတစ်ခုချင်းစီဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီဖြစ်စေ ထည့်ဝင်လှူဒါန်းပေးရန်အတွက် တိုက်တွန်းထားကြောင်း သိရသည်။

သတင်း – James Roe

Photo by CDF-Paletwa
ပုံစာ – CDF – Paletwa တပ်ဖွဲ့ကို ယနေ့ ဧပြီ ၂၉ ရက်နေ့တွင် မြင်တွေ့ရပုံ။

Leave a Reply

Your email address will not be published. Required fields are marked *