ပလက်ဝမှ ခူမီးချင်းလူငယ် ငါးဦးကို ကလေးဝမြို့အဝင်ဂိတ်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး
ဧပြီလ ၂၉ ရက်၊ ၂၀၂၅။
စစ်ကိုင်တိုင်း၊ ကလေးဝမြို့ရှိ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ပြန်လည်သည့် ခူမီးချင်းလူငယ် ငါးဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ယနေ့ ၂၉ ရက်နေ့တွင် သိရသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်မှ နေလင်းကျော် (မီးလက်ဝအောက်ကျေးရွာ)၊ အောင်စွမ်းလင်း (ဝက္ကူဝကျေးရွာ)၊ လှိုင်ဝင်း (မီးဇာကျေးရွာ)၊ ဘချိုဦး (မီးဇာကျေးရွာ)နှင့် နိုင်ဆန်းဦး (ဝက္ကူဝကျေးရွာ) ငါးဦး တို့သည့် ရန်ကုန်မှ ပလက်ဝသို့ ကားဖြင့်ပြန်လာခဲ့ရာ ကလေးဝရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသသည့် ခူမီးချင်း လူငယ် ၅ ဦးထဲမှ နေလင်းကျော်နှင့် အောင်စွမ်းလင်းသည် ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီး ကျန် သုံးဦးသည် ဖမ်းဆီးခံနေရဆဲဖြစ်ကာ ပြန်လွတ်မြောက်နိုင်ရေးအတွက် ဆက်လက်၍ အကူအညီလိုအပ်နေသည်။
လက်ရှိတွင် ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်သည် ကလေးမြို့ပေါ်ရှိ ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြားနှင့် လူအများအသုံးပြုနေသော အပန်းဖြေနေရာ၊ အရက်ဆိုင်များသို့ ဝင်ရောက်ကာ တွေ့သမျှလူကြီးလူငယ်များကို အကြောင်းမဲ့ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
သတင်း – James Roe