မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ကို ACDF က တိုက်ခိုက်
ဧပြီလ ၂၉ ရက်၊ ၂၀၂၅။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ဝန်းကျင် ပါရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို အရှိုချင်းကာကွယ်ရေးတပ် – ACDF တပ်ရင်းနှင့် ဗျူဟာ (၂၂) ပူးပေါင်းမဟာမိတ်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် ACDF က ထုတ်ပြန်ထားသည်ကို သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ နံနက် ၇နာရီ ၃ဝမိနစ်အချိန်တွင် ငမိုးရိပ်ကျေးရွာမှ ဇရပ်မြှောင်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ကြားဖတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်း ၁၀ လောင်း၊ သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက်စစ်ကောင်စီသည် တိုက်လေယာဉ် နှစ်စီး Mi 35 တစ်စီးဖြင့် လေကြောင်း ပစ်ကူမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ နှစ်နာရီတွင် ထောက်ကြန့်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကာ ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သိရသည်။
အရှိုချင်းကာကွယ်ရေးတပ် ACDFနှင့် ဗျူဟာ (၂၂)မှ တပ်ရင်း ၃၇၀၁၊ ၃၈၀၁၊ ၃၈ဝ၂၊ ၃၈၀၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe